ရောင်ခြည်ဦး – ၄ ဒီဇင်ဘာလ ၂၀၂၂
ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားများအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က အလုပ်သမားမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၆ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ လုံခြုံစိတ်ချရသောခရီးသွားလာလုပ်ကိုင်ခြင်း၊ Migrant Policy, ကျန်းမာ ပျော်ရွှင်သော အလုပ်သမားတစ်ဦးအတွက် လိုအပ်သည့် အဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ က ဦးဆောင်ပြီး တက်ရောက်လာတဲ့ အလုပ်သမားတွေနဲ့အတူ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို အမျိုးသား ၁၂ ဦး နဲ့ အမျိုးသမီး ၃၉ ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ တက်ရောက်လာတဲ့အလုပ်သမားအများစုဟာ တောင်ယာစိုက်ပျိုးရေးလုပ်သားများနဲ့ စက်ချုပ်ရုံ အလုပ်သမားတွေဖြစ်ကြပြီး လက်ရှိသူတို့ လုပ်ငန်းခွင်အခြေအနေများနဲ့ လုံခြုံစိတ်ချစွာအလုပ်လုပ်ကိုင်နိုင်ဖို့ အလုပ်သမားလက်မှတ် လုပ်ရမှာကိုနားလည်ကြောင်း အလုပ်သမားလက်မှတ်လုပ်ဖို့ ကုန်ကျစရိတ်ကြီးမြင့်တဲ့အတွက် အိမ်ထောင်သည်တွေဆိုရင် အမျိုးသားကို ဦးစားပေးလုပ်လိုက်ရတဲ့အတွက် အမျိုးသမီးတွေမှာ အလုပ်သမားလက်မှတ် မရှိပဲရပ်တည်နေရကြောင်းနဲ့ လုပ်အားခကလည်း တနေ့ကို ၁၅၀ဘတ်လောက်သာ ရရှိတာမို့ အခက်အခဲရှိကြောင်း စတဲ့ အခက်အခဲနဲ့ စိန်ခေါ်ချက်တွေကို တက်ရောက်လာတဲ့ အလုပ်သမားတွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမာများအဖွဲ့အနေနဲ့ မဲဆောက်ဒေသတွင်း မြန်မာအလုပ်သမားတွေအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ လိင်ကွဲပြားမှုအခြေပြု သင်တန်း၊ အလုပ်သမားသမဂ္ဂပညာရေးသင်တန်းနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ထိုင်းအလုပ်သမားဥပဒေနဲ့ မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757