ရောင်ခြည်ဦးအကြောင်း

၁၉၉၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့အား ထိုင်းနိုင်ငံရောက် ကျောင်းသားများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ မဲဆောက်ဒေသရှိ မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင် အခြေအနေတိုးတက်ရေးနှင့် လူနေမှုဘဝတိုးတက်ရေးအတွက် စတင်ဖွဲ့စည်းခဲ့သည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အား စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ အလုပ်သမားများ၏ သာရေး၊ နာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲများကို ကူညီပေးခြင်းနှင့် အလုပ်သမားများ၏ နစ်နာဆုံးရှုံးနေသော အခွင့်အရေးများအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်။ အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းနှင့် လုပ်ငန်းခွင်အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် အလုပ်သမားများ ကိုယ်တိုင် အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး မိမိတို့အခွင့်အရေးကို တောင်းဆိုတက်လာစေရန် အဖွဲ့အနေဖြင့် ကြိုးပမ်းပေးခဲ့သည်။

-ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် အလုပ်သမားများအကြားအပြန်အလှန်နားလည်မှု၊ ယိုင်းပင်းကူညီမှုနှင့် စည်းလုံးညီညွတ်လာစေရန်။

-အလုပ်သမားများ၏ စည်းလုံးမှုအားဖြင့် မိမိတို့၏ ရသင့်ရထိုက်သောအခွင့်အရေးများကို ကာကွယ်ရန်၊ တောင်းဆိုရန်။ သာရေး၊ နာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအခက်အခဲပြဿနာများကို ဝိုင်းဝန်းအဖြေရှာကူညီ ဆောင်ရွက်ရန်။

-အလုပ်သမားများ၏အခွင့်အရေးအတွက် ဥပဒေရေးရာ အကြံပေးဆွေးနွေးတိုင်ပင်ပေးရန်။

-အထွေထွေဗဟုသုတ ပညာရေးနှင့် နိုင်ငံရေးအသိအမြင်များ ကျယ်ပြန့်လာစေရန်။

-မြန်မာပြည် ဒီမိုကရေစီရရှိရေးကို ပံ့ပိုးကူညီရန်။

-နိုင်ငံတကာလှုပ်ရှားမှုများနှင့် ဆက်စပ်ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက် ဦးတည်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

မဲဆောက်ဒေသတွင် ဥပဒေရေးရာအရ ရောင်ခြည်ဦးအဖွဲ့သည် မက်(ပ်) အဖွဲ့၊ ထိုင်းရှေ့နေများ ကောင်စီအပါအဝင် ဒေသတွင်းအလုပ်သမားရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အလုပ်သမားများ၏ နစ်နာဆုံးရှုံးနေရသည့် အခွင့်အရေးများအတွက် ထိုင်းဥပဒေနှင့်အညီ ပြန်လည်ရရှိ ခံစားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ရောင်ခြည်ဦးအဖွဲ့၏ ဥပဒေရေးရာ အထောက်အကူပြုဌာနမှ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများမှာ ထိုင်းနိုင်ငံရှိ အလုပ်သမားများ အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက နှစ်အလိုက် ထုတ်ပြန်ထားသည့် တရားဝင် လုပ်အားခအပါအဝင် အကြောင်းမဲ့ အလုပ်ကနေထုတ်ပယ်ခံရခြင်း၊ အလုပ်ကနေ ရပ်ဆိုင်းခံရခြင်းနှင့် လုပ်အားခ မရရှိသည့် အလုပ်သမားများအတွက် နစ်နာကြေး၊ လျော်ကြေးငွေများနှင့် လုပ်အားခပြန်လည်ရရှိရေးတို့အတွက် ထိုင်းနိုင်ငံအလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံး၊ လူမှုဖူလုံရေးရုံးနှင့် အလုပ်သမားတရားရုံးတို့တွင် လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည်။

မဲဆောက်ရှိ ရောင်ခြည်ဦးအဖွဲ့ရုံးတွင် စက်ရုံအသီးသီးမှ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲနှင့် အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံနေကြရသော အလုပ်သမားများကို ဥပဒေရေးရာနှင့် အခြားလိုအပ်သော လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များ၊ ဆောင်ရန် ရှောင်ရန်နှင့် အလုပ်ရှင် အလုပ်သမား လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း နေ့စဉ် ဆွေးနွေး တိုင်ပင်ပေးသည်။ ထို့ပြင် တယ်လီဖုန်းမှတစ်ဆင့် ထိုင်းနိုင်ငံဒေသအသီးသီးရှိ အလုပ်သမားများမှ မေးမြန်းလာသော ဥပဒေရေးရာ၊ အလုပ်သမားရေးရာများနှင့် တရားဝင် လက်မှတ်အထောက်အထားလုပ်ဆောင်ရမည့် အစီအစဉ်များနှင့် လုပ်ငန်းခွင်အလိုက် သိလိုသည့် သတင်းအချက်အလက်များကို နေ့စဉ်ဖြေကြားပေးနေသည်။ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သည် မဲဆောက်ဒေသတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားအရေး လုပ်ဆောင်နေသည့်အဖွဲ့အစည်းများ၊ လူကုန်ကူးမှုတားဆီးရေး ဆောင်ရွက်နေသည့်အဖွဲ့အစည်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ်နှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ လုပ်ဆောင်နေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGOs) နှင့် လူထုအခြေပြုအဖွဲ့အစည်းနှင့် ဖောင်ဒေးရှင်းအဖွဲ့အစည်း (၂၀)ကျော်ပါဝင်သည့် Migrant Rights Promotion Working Group (MRPWG) ကွန်ရက်အဖွဲ့အစည်းတွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်ပါဝင်ကာ ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးနှင့် အလုပ်သမားမိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လူကုန်ကူးမှုသားကောင်ဘဝမကျရောက်အောင် လှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရွှေ့ပြောင်းနေထိုင်သူများ၏ လူမှုဖူလုံရေး၊ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့ကိုမြှင်တင်ရန်၊ ဒေသတွင်း ရွှေ့ပြောင်နေထိုင်သူများနှင့် ထောက်ခံအားပေးသည့်အဖွဲ့အစည်းများအကြား အပြန်အလှန် ပံ့ပိုးကူညီမှုနှင့် စည်းလုံးညီညွှတ်မှုတည်ဆောက်ရန် ဖွဲ့စည်းထားသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ် စသည့် နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်နေသည့်သူများအတွက် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်း (၄၀)ပါဝင်သည့် (Mekong Migration Network – MMN) ကွန်ရက်အဖွဲ့တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ်ပါဝင် ဆောင်ရွက်နေသည်။ ထို့အပြင် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့သည် အာရှ(၁၃)နိုင်ငံရှိ အလုပ်သမားရေးရာ အဖွဲ့အစည်းများပါဝင်သော (Asian Transnational Corporation Monitroing Network- ATNC) တွင်လည်း အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သည်။ အခက်အခဲတွေ့ပြီး ဒုက္ခရောက်နေသည့် အလုပ်သမားများအတွက် အရေးပေါ်စာရေးရိက္ခာ အကူအညီများပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆေးဝါး အကူအညီနှင့် ဆေးရုံ ဆေးခန်းများသို့ သွားရောက် ကုသနိုင်ရန် ချိတ်ဆက် အကူအညီပေးခြင်းများပြုလုပ်ပေးသည်။

အလုပ်သမားများအတွက် အလုပ်သမားစကားဝိုင်းနှင့် အလုပ်သမားအခွင့်အရေးသင်တန်း၊ ထိုင်းဥပဒေရေးရာသင်တန်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သင်တန်း၊ လိင်နှင့်လိင်ကွဲပြားမှုအခြေပြု သင်တန်း၊ အလုပ်သမားသမဂ္ဂပညာရေးသင်တန်းများအပြင် စက်ချုပ်ရုံလုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများအတွက် စက်ချုပ်သင်တန်း၊ ထိုင်းဘာသာ သင်တန်းနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အလုပ်သမားများအတွက် သာရေး (ဘောလုံးပွဲ၊ ဂီတပွဲ၊ ယဉ်ကျေးမှုအခမ်းအနားများ)၊ နာရေး စျာပန ကိစ္စရပ်များကိုလည်း မဲဆောက်ဒေသတွင်းရှိ သက်ဆိုင်ရာ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးနေသည်။

မြန်မာအသံလွှင့်ဌာနများဖြစ်သော ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဘီဘီစီ၊ ဒီဗွီဘီ အပါအဝင် အခြားသော သတင်းဌာနများတို့တွင် မြန်မာ့ အလုပ်သမားရေးရာနှင့် ပတ်သက်၍ အင်တာဗျူးလုပ်ခြင်း၊ အင်တာနက်မှ မြန်မာ့ အလုပ်သမားအခြေအနေကို ရေးသားဖြန့်ဝေခြင်းများကို ပြုလုပ်သည်။ ထိုင်းနိုင်ငံဒေသအသီးသီးရှိ အလုပ်သမားအဖွဲ့အစည်းများ၊ ထိုင်းအဖွဲ့အစည်းများ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲများ၊ အစည်းဝေးပွဲများတွင် မြန်မာအလုပ်သမားအရေးနှင့်သက်ဆိုင်သည်များကို ပါဝင်တက်ရောက် ဆက်စပ်ဆောင်ရွက် နေသည်။