ရောင်ခြည်ဦး ၂၈ မတ်လ ၂၀၂၃
ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့က ဦးဆောင်ပြီး တောင်ယာအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အခြေအနေ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအခြေအနေများနဲ့ပတ်သက်တဲ့ အသိပညာပေး စကားဝိုင်းကို ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့အနီး မယ့်ခိုကင်းကျေးရွာမှာ (26-3-2023) ရက်နေ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်း တောင်ယာအလုပ်သမားတွေ တက်ရောက်ခဲ့တဲ့ အသိပညာပေးစကားဝိုင်းကို မနက်ပိုင်းမှာ ၁၆ ဦးနှင့် ၁ ကြိမ်၊ နေ့လည်ပိုင်းမှာ ၁၄ဦးနှင့် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စကားဝိုင်းမှာ တောင်ယာအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုဆိုင်ရာစတဲ့ ခေါင်းစဉ် ၃ ခုနှင့် အတူ နေ့စဉ်လူမှုဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုပတ်သက်တဲ့ စိုးရိမ်သောက အပူတွေကို ဘယ်လိုဖြေလျှော့ကြမလဲ ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ အလုပ်သမတစ်ဦးကတော့ တောင်ယာလုပ်ငန်းတွေရပ်နားချိန်မှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့အခြေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေကို အခုလိုပြောပါတယ်။ “ပုံမှန် အလုပ်မရှိတဲ့အခါမှာ ရာသီအလိုက် မန်ကျည်းသီးခွာတဲ့အလုပ်တွေကို လုပ်ရတယ်။ အချို့ရက်တွေမှာဆိုရင် ကန်စွန်းရွက် လိုက်ခူးပြီး ရွာထဲ ရောင်းတယ်။ တစ်နေ့ကို ၁၀၀ လောက်တော့ရတယ် တောင်ယာလုပ်ငန်းကတော့ ပြောင်းစိုက်ပေါ့ တွက်ကြည့်ရင် အလုပ်ရှိတဲ့အချိန်က ၆ လ၊ မရှိတဲ့အချိန်က ၆ လပေါ့၊ ခွင့်ရက်တို့ ဘာတို့ရယ်လို့တော့ မရှိဘူးပေါ့၊ ကိုယ်နားရင် ကိုယ်မရဘူး၊ ကိုယ်ဝန်ရရင်လည်း ၊ မွေးဖွားခါနီးထိ အလုပ်ဆင်းတယ်။ ကျန်းမာရေး နဲ့ပတ်သက်လို့လည်း ဘာတာဝန်မှ မယူပါဘူး ကိုယ့်ဖြစ်ကိုယ်ခံပဲ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲကုရတယ်၊”
စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ဓာတုဆေးဝါးအသုံးပြုရာက မျက်လုံးကွယ်သွားရတဲ့အဖြစ်အပျက်နှင့် ပတ်သက်လို့ “ ကျွန့်တော့ အဖေက သခွားခြံမှာ အလုပ်လုပ်တယ်၊ အဖေက ညရော၊ နေ့ရော ဆေးဖြန်းတယ်။ သခွားသီးကို ကိုင်ကြည့်လိုက် ဆေးတွေချည်းပဲ။ အပင်သန်ဆေး၊ အပွင့်အားဆေး၊ အသီးအားဆေး၊ ဆိုပြီး အသီးမတုန်းမချင်း ဖြန်းနေရတယ်။ အဲလိုဆေးတွေဖြန်းနေရတော့ ဆေးငွေ့တွေက မျက်လုံးကိုရိုက်ပြီး အဖေ့မျက်လုံးကွယ်နေပြီ။ ကျွန်တော့ဦးလေးတစ်ယောက်လည်း ဆေးဖြန်းလို့ အဖေ့လိုပဲ မျက်လုံးကွယ် နေပြီ။ မျက်လုံးမမြင်ရတာနဲ့ ပတ်သက်လို့လည်း သူဌေးက ဘာတာဝန်မှ မယူဘူး” စကားဝိုင်းတက် ရောက်လာသူ အလုပ်သမားက ပြောပါတယ်။
မယ့်ခိုကင်းကျေးရွာရှိ ဒေသခံ ထိုင်းလူမျိုး တောင်ယာလုပ်ငန်းရှင်တွေထံမှာ နေ့စား အလုပ်သမားဘဝနဲ့ လုပ်ကိုင်နေတဲ့ အလုပ်သမား အများစုဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပါတယ်။ နှစ်ရှည် တောင်ယာအလုပ်သမားဘဝနဲ့အသက်မွေးဝမ်းကြောင်းပြုရာကနေ မြေပိုင်ရှင်တွေထံကနေ အခကြေးငွေ ပေးကာမြေငှားပြီး တပိုင်တနိုင် ကိုယ်ပိုင်တောင်ယာစိုက်ပျိုးလုပ်ကိုင်သူအချို့လည်းရှိနေတာဖြစ်ပါတယ်။
– (+66) 0869382757
Viber �� (+66) 086938275