ရောင်ခြည်ဦး ၁ မေ ၂၀၂၃
မေဒေးနေ့ပေါ်ပေါက်လာတဲ့ အကြောင်းရင်းကတော့ အမေရိကန်ပြည်ထောင်စုမှာ (၁၉)ရာစု အစပိုင်းက စပြီး အလုပ်ရှင် အလုပ်သမားတွေ ပဋိပက္ခတွေရှိလာခဲ့ တာဖြစ်ပါတယ်။ အဲဒီခေတ်က အလုပ်သမား တွေဟာ နေထွက်ချိန်မှ နေဝင်ချိန်ထိ တစ်နေ့ကို ၁၆ နာရီမှ နာရီ ၂၀ အထိ အလုပ်ရုံ၊ စက်ရုံတွေမှာ ပင်ပန်း ကြီးစွာ အလုပ်လုပ်ခဲ့ကြရပါတယ်။ အဲဒီလို အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေရဲ့ဘဝကို သက်သာစေဖို့ အလုပ်သမားခေါင်း ဆောင်တွေက အလုပ်ရှင်တွေဆီ အရေးဆိုခဲ့ကြပါတယ်။.
၁၈၂၀ ပြည့်နှစ်ကနေ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်တွေက တစ်နေ့ကို အလုပ် ချိန် ၁၀ နာရီသာ ကန့်သတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်တဲ့ အလုပ်သမားတွေ ဖမ်းဆီး နှိပ်ကွပ်ခြင်း ခံခဲ့ရပါတယ်။ အလုပ်သမားအင်အားစုတွေကလည်း အလျှော့မပေးဘဲ ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။ အလုပ်သမားလှုပ်ရှားမှုတွေ ဆက်လက်ကြိုးပမ်းခဲ့လို့ အလုပ်သမား အလုပ်ရှင်တို့ရဲ့ တိုက်ပွဲတွေဟာ အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ်နဲ့ ဩစတေးလျ နိုင်ငံတွေအထိ ပျံ့နှံ့သွားခဲ့ပါတယ်။
အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံကနေ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစပြီး တစ်နေ့ကို ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလို အလုပ်ချိန်လျော့သွားခဲ့ပေမဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေခံရပြီး အလုပ်ကနေထုတ်ပစ်ခံရတဲ့အပြင် ထောင်ကျပြီး သေကြေပျက်စီးသူတွေလည်း များခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အလုပ်သမားတွေရဲ့အရေးဟာ အောင်မြင်သွားခဲ့ပါတယ်။
၁၈၈၉ ခုနှစ် ပါရီမြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့ရဲ့ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့လို့ သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနေ့မှာဆိုရင် ဟောပြောပွဲများ၊ အထိမ်းအမှတ်ပွဲများ ကျင်းပကြသလို အလုပ်သမားတွေက လုပ်ခအပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။ ၁၈၉၀ခု နှစ် မေလ ၁ ရက်နေ့မှ စတင်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အလုပ်သမားနေ့အထိမ်းအမှတ်ပွဲများ ပထမဆုံးကျင်းပခဲ့ကြပါတယ်။ အခုအခါမှာတော့ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာမှာ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
အလုပ်သမားတွေ သွေးစည်းညီညွတ်မှုနဲ့ ဖိနှိပ်မှုတွေကို တော်လှန်ခဲ့ရာက ပေါ်ပေါက်ခဲ့တဲ့မေဒေးနေ့ဟာ ဆယ်စုနှစ် (၅)စုလောက်ကြာအောင် တိုက်ပွဲ ဝင်ခဲ့ရတာပါ။ ဒီနေရာမှာပြောချင်တာက အလုပ်သမားလူတန်းစားရဲ့ သွေးစည်းညီညွတ်မှု၊ တိုက်ပွဲထဲက အလုပ်သမားခေါင်းဆောင်စစ်စစ်တွေပေါ်ပေါက်လာမှု၊ မတရားမှုကို အလျှော့မပေးပဲ ဇွဲခတ်ပြီး အားစိုက်မှု၊ တိုက်ပွဲမှာ အခြားနိုင်ငံတွေက အလုပ်သမားထုတွေပါ ပါဝင်လာအောင် စွမ်းဆောင်နိုင်မှုတွေဟာ အောင်ပွဲရရှိတဲ့ အဓိက အချက်တွေလို ရှုမြင်မိပါတယ်။
ဒီကနေ့ဟာ ဆိုရင်တော့ ၁၃၃ ကြိမ်မြောက် ကမ္ဘ့ာအလုပ်သမားနေ့ May Day ဖြစ်ပါသည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 086938275