ရောင်ခြည်ဦး – ၂၆ ဇွန်၊ ၂၀၂၃
ထိုင်းနိုင်ငံ မဲဆောက်မြို့ဒေသတွင်း စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ အလုပ်သမားအစုအဖွဲ့တည်ဆောက်ခြင်းဆိုင်ရာ အခြေခံသင်တန်းကို 25-6-2023 (တနင်္ဂနွေနေ့)က ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ သင်တန်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သင်တန်းကို မဲဆောက်ဒေသတွင်း စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား (၁၇) ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။
သင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခြေခံလူ့အခွင့်အရေးနဲ့ ထိုင်းနိုင်ငံက တရားဝင်ထုတ်ပြန်ထားတဲ့ အလုပ်သမားကာကွယ်ရေးဥပဒေတွေကို အလုပ်သမားတွေ သိရှိနားလည်ပြီး မိမိတို့ရရှိခံစားထိုက်တဲ့ အခွင့်အရေးတွေကို ထိုင်းဥပဒေဘောင်အတွင်းက ခံစားခွင့်ရအောင် အလုပ်သမားတွေအချင်းချင်း ဘယ်လိုစုပေါင်းလုပ်ဆောင်နိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်သလဲ၊ ဘယ်လို ပြင်ဆင်ထားရမလဲ ဆိုတာတွေကို သိရှိစေဖို့ သင်တန်းကိုပြုလုပ်ခဲ့တာလို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မဲဆောက်ဒေသတွင်းက စက်ရုံ၊ အလုပ်ရုံအပါအဝင် လုပ်ငန်းခွင်အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ လုပ်ငန်းခွင်တိုင်းလိုလိုမှာ အနည်းနှင့်အများဆိုသလို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အလုပ်သမားတွေ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မသိရှိတဲ့အတွက် အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကိုယ်တိုင် မိမိတို့အခွင့်အရေးကို ကိုယ်တိုင်သိနားလည်ပြီး လုပ်ငန်းခွင်တွင်း အခွင့်အရေးချိုးဖောက်ခံရမှုတွေ ကြုံလာပါက ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်တတ်စေဖို့ အလုပ်သမားသွေးစည်းညီညွတ်မှုနဲ့ အလုပ်သမားတိုက်ပွဲဝင်နိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ စကားဝိုင်းတွေ၊ သင်တန်းတွေကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber – (+66) 0869382757