ငြိမ်းချမ်းရေးနှင့် တရားမျှတမှုဆု ရရှိ
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားမှု၊ မမျှတမှုများ ရင်ဆိုင်တွေ့ကြုံရေသူ အလုပ်သမားများအတွက် ခက်ခဲသည့် အခြေအနေများကြားမှ ကာကွယ်ရပ်တည်၍ နစ်နာမှုများ ပြန်လည်ခံစားရရှိရန်အတွက် လိုက်ပါ ကူညီပေး နေသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် ဂုဏ်ပြုသောအားဖြင့် ၂၀၀၄ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ Tji Hak-Son Justice & Peace Foundation မှ ပေးအပ်သော ရှစ်ကြိမ်မြောက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုဆုကို ရရှိခဲ့သည်။
ထိုင်းနိုင်ငံမှာ ပထမဦးဆုံး အလုပ်သမားက လုပ်ငန်းရှင်ကို တရားစွဲဆိုအောင်မြင်ခဲ့သည့်အမှု
၂၀၀၁ ခုနှစ်တွင် မဲဆောက် (မြန်မာအလုပ်သမားအများစုခေါ်သည့် ဘတ်တရာစက်ရုံ) Nut Knitting Co. Ltd မှ အလုပ်သမား ၄၃ ဦးက ထိုင်းလုပ်ငန်းရှင်ကို သတ်မှတ်ထားသည့် လုပ်အားခများ ချိုးနှိမ်ပေးထားခဲ့ခြင်းအတွက် လုပ်အားခ အပြည့်အဝ ပြန်လည်ရရှိရေးအတွက် တရားစွဲဆိုသော အမှုကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးဆောင်၍ လိုက်ပါဆောင်ရွက်ပေးခဲ့သည်။ ထိုအမှုသည် “ထိုင်းနိုင်ငံတွင် ပထမဦးဆုံး မြန်မာရွှေ့ပြောင်းအလုပ် သမားများက ထိုင်းလုပ်ငန်းရှင်ကို တရားစွဲဆို အောင်မြင်ခဲ့ သောအမှု”ဖြစ်သည်။ အလုပ်သမားများက လုပ်ငန်း ရှင်ကို တရားစွဲဆို အောင်မြင်ခဲ့သည့်အတွက် လုပ်အားခများပြန်လည်ရရှိခဲ့သည့် ငွေပမဏမှာ ထိုင်းဘတ်ငွေ (၁, ၁၇၀ , ၀၀၀ ) ဖြစ်ပါသည်။
အလုပ်သမားများအတွက် ခိုလှုံရာအိမ် (သို့) Community Center
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပထမဦးဆုံး ခိုလှုံရာအိမ်ကို ၁၉၉၉ ခုနှစ်တွင် မဲဆောက်မြို့ ဖာကျလွန်ဈေးကြီးအနီး လုံခြုံသည့်နေရာတခုတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ရည်ရွယ်ချက်မှာ စက်ရုံတွင် နေထိုင်ခွင့်မပြုသော ကိုဝန်ဆောင်အမျိုးသမီးများ စက်ရုံအလုပ်ရုံများမှ မောင်းထုတ် ခံရသည့်သူများ၊ နာမကျန်းဖြစ်၍ နေထိုင်စရာ အခက်အခဲရှိနေသူများအတွက် ဘဝလုံခြုံမှုရှိစေရန်ဖြစ်သည်။
၂၀၀၃ ခုနှစ်တွင် အလုပ်သမားများအတွက် ခိုလှုံရာအိမ်နေရာကို မဲဆောက်မြို့ မယ်သောင်လမ်းရှိ (UNHCR)ရုံး အနီးတွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် (BLC)ရုံးဟောင်းနေရာသို့ ထပ်မံပြောင်း ရွှေ့ဖွင့်လှစ်ခဲ့သလို ထိုမှတဆင့် ၂၀၁၇ခုနှစ်တွင် မယ်သောင်ကျေးရွာ ရပ်ကွက် (၂)ရှိ မယ်သောင်လမ်းမဘေး တနေရာသို့ ခိုလှုံရာအိမ်နေရာကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသည်။ ရောင်ခြည်ဦး ခိုလှုံရာအိမ်သို့ လာရောက်ခိုလှုံသူအများစုသည် စက်ရုံတွင်း နေထိုင်ခွင့်မပြုသော ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ အလုပ်သမားအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် တောင်းဆိုတိုက်ပွဲဝင်ရင်း အမှုရင်ဆိုင်နေ ကြရသူများ၊ နာမကျန်းဖြစ်နေသူများ၊ ကျောထောက်နောက်ခံမရှိသည့် သက်ကြီးရွယ်အိုများ၊ အကြောင်းကြောင်းကြောင့် မိမိနေရပ်သို့ပြန်ရန် အခက်အခဲရှိနေသူများနှင့် ပြည်တွင်းမှ အခက်အခဲ အမျိုးမျိုး ကြောင့် ထွက်လာသူများ စသည့် လူများဖြစ်သည်။
ခိုလှုံရာအိမ်သို့ တနှစ်လျှင် ပျမ်းမျှ လူဦးရေ (၇၀၀ မှ ၈၀၀) အကြား လာရောက်နေထိုင်ခဲ့ကြသည်။ ခိုလှုံရာအိမ်သို့ လာရောက်နေထိုင်ကြသည့် အလုပ်သမားအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု၊ သွေးစည်းညီညွတ်မှု တည်ဆောက်ပြီး ပူးပေါင်းလုပ်ဆောင်တတ်စေရန် အထိမ်းအမှတ်အခမ်းအနားများနှင့် နေ့ထူနေ့မြတ် အခမ်းအနားများပြုလုပ်ပေးခဲ့သည်။
ရောင်ခြည်ဦးအဖွဲ့က ဦးဆောင်ကာ ဒီမိုကရေစီ၊ လူအခွင့်အရေး နှင့် အလုပ်သမားအခွင့်အရေး၊ ထိုင်းအလုပ်သမားဥပဒေရေးရာအကြောင်းများကို စကားဝိုင်းများ သင်တန်း များပြုလုပ်ပေးကာ အသိပညာမြှင့်တင်ပေးခဲ့ပါသည်။ ဒါ့အပြင် ထိုင်းဘာသာစကားသင်တန်း၊ အခြေခံ သတင်း ရေးသား နည်းသင်တန်း၊ စက်ချုပ်သင်တန်းနှင့် မော်တာစက်ဆွဲသင်တန်း များစတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများကိုလည်း ပြုလုပ်သင်ကြားပေးခဲ့သည်။ ထို့အပြင် အလုပ်လက်မဲ့ဖြစ်နေသည့် အလုပ်သမား များအတွက် အလုပ်အကိုင်များ ရရှိအောင် ချိတ်ဆက် ဖန်တီးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
ရောင်ခြည်ဦးရွှေ့ပြောင်းဆေးခန်း
သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် မဲဆောက်ဒေသတွင်း စက်ရုံ အလုပ်ရုံများကို မကြာခဏ ထိုင်းရဲများက ဝင်ရောက် ဖမ်းဆီးသဖြင့် အလုပ်သမားများ စက်ရုံနှင့် နီးစပ်ရာ လယ်ကွင်းများ၊ တောများထဲသို့ သွားရောက် ပုန်းရှောင် နေကြရသည်။ စက်ရုံ အလုပ်ရုံများသို့ ထိုင်းရဲဝင်ရောက်ဖမ်းဆီးမှုမှာ တခါတရံ ၃ရက်မှ ၁ပတ်ခန့်ကြာသည်။ ထိုအတောအတွင်း အလုပ်သမားများ ဖျားနာမှုများ ဖြစ်ပေါ်လာသဖြင့် ကိုမိုးဆွေ (ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တည်ထောင်သူ )က စေတနာ့ဝန်ထမ်း ဆေးမှူးများကို စုစည်းပြီး ဆေးများအလှူခံကာ အလုပ်သမားများ ပုန်းရှောင်နေသည့် နေရာများသို့ လိုက်လံသွားရောက်၍ အခမဲ့ ဆေးကုသပေးခဲ့သည်။ အထူးသဖြင့် ဘန့်ဆောင်းခွဲ စက်ရုံအနီး တောများထဲတွင် ပုန်းရှောင်နေသည့် အလုပ်သမားများအတွက် သွားရောက်ပြီး ကျန်းမာရေးစောင့် ရှောက်မှုများ ပြုလုပ်ပေးခဲ့ရသည်။
ရောင်ခြည်ဦးက ရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေးအတွက် လိုက်လံဆေးကုသမှုပြုလုပ်နေရင်း အလုပ် သမားများဘက်က လည်းကောင်းတို့ စက်ရုံအနီးတွင် ဆေးခန်းဖွင့်လှစ်ရန် အကြိမ်ကြိမ်တောင်းဆိုလာသဖြင့် ဘန့်ဆောင်ခွဲ စက်ရုံအနီးတွင် အခန်းငယ်တခန်း ငှားရမ်းကာ ဒေါက်တာခင်စိန်နှင့် ဆေးမှူးစောသန်းမြင့်တို့ဖြင့် အောက်တိုဘာလ ၂၀၀၁တွင် ဆေးခန်းငယ်တခုကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၀၁ခုနှစ် အောက်တိုဘာလမှ ၂၀၀၂ခုနှစ် ဂျူလိုင်လအထိ အလုပ်သမားများ၏ ထည့်ဝင်ငွေ အပါအဝင် နိုင်ငံရေး အင်အားစုများ၏ထည့်ဝင်ငွေနှင့် တသီးပုဂ္ဂလ မိတ်ဆွေများ၏ ထည့်ဝင်ငွေများဖြင့် ထိုဆေးခန်းကို ချို့ချို့တဲ့တဲ့ လည်ပတ်ခဲ့ရသည်။
၂၀၀၂ ဇူလိုင်လမှ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလအထိ အိုင်အာစီအဖွဲ့ ထောက်ပံ့ပေးမှုဖြင့် ဆရာဝန် ဒေါက်တာခင်စိန်၊ ဆေးမှူးမြင့်စိုးနိုင်၊ ရဲဘော်ဖောရှော၊ ဆေးမှးအကူ မခိုင်တို့ဖြင့် ပုံမှန်လည်ပတ်နိုင်ခဲ့သည်။ ၂၀၀၄ခုနှစ် နှစ်ဦးပိုင်းတွင် အေစီအာစက်ရုံအနီးတွင် ဆေးခန်းတခုကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလမှ ၂၀၀၄ခုနှစ် ဒီဇင်ဘာလအတွင်း အလုပ်သမားလူနာ ခန့်မှန်းခြေ တနှစ်လျှင် ဆေးခန်းသို့ လာရောက် ပြသပြီး ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းနှင့် ကုသမှုခံယူသူ လူနာ စုစုပေါင်း (၅၀၀၀) ငါးထောင်ကျော်နှင့် သွားလာရေးခက်ခဲ့သည့်နေရာများ၊ စက်ရုံများသို့ လှည့်လည်ပြီး လူနာ (၂၀၀၀) နှစ်ထောင် ကျော်တို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်နှင့် ဆေးဝါးကုသမှုပေးခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည်။
ဆေးရုံ ဆေးခန်းများသို့ လက်လှမ်းမီမီ ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်သည့် ရွှေ့ပြောင်းအလုပ်သမား များအတွက် လက်လှမ်းမီမီ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်စေရန် ဆေးခန်းဖွင့်လှစ် ကုသပေးခြင်း လှည့်လည် ကု သပေးမှုအစီအစဉ်များသည် ၂၀၀၅ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီး ရွှေ့ပြောင်း ဆေးခန်း ၂ခုစလုံးကို ခေတ္တရပ်ဆိုင်းထားခဲ့ရသည်။ ၂၀၀၈ခုနှစ် အောက်တိုဘာလမှစ၍ ဆွဇ်ဆလန်နိုင်ငံမှ အဖွဲ့တခု၏ အကူအညီဖြင့် ရွှေ့ပြောင်းဆေးခန်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ မဲဆောက်မြို့ ရပ်ကွက်အသီး သီးက အမှိုက်များသွားရောက်စွန်ပစ်သည့် အမှိုက်ပုံတွင်နေထိုင်အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများနှင့် ထိုဒေသ ပတ်ဝန်းကျင်ရှိ စက်ရုံ အလုပ်ရုံ အလုပ်သမားများအတွက် တပတ်လျှင် ၂ ကြီမ် အခမဲ့ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း ဆေးကုသမှု လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခဲ့သည်။
စံပယ်ဖြူ နေ့ကလေးထိန်းကျောင်း
စံပယ်ဖြူ နေ့ကလေးထိန်းကျောင်းအား ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့မှ ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ နေ့ကလေးထိန်းကျောင်းအား ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ ရွှေ့ပြောင်းအလုပ်သမားများ၏ ရင်သွေးငယ်များဘဝ လုံခြုံ စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်း နောက်ဆံမတင်းစေဘဲ လွတ်လပ်စွာဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် အတွက်လည်း ရည်ရွယ်ပါသည်။