=================================
ရောင်ခြည်ဦး _ ၆ မတ်လ ၂၀၂၃
ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့၊ မယ်သောင်ကျေးရွာ အိမ်အထည်ချုပ်စက်ရုံ၌ အကြောင်းမဲ့အလုပ်ထုတ်ခံရသော အလုပ်သမား (၆ )ဦးအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာနက နစ်နာကြေး (၆၃၅၃၆ဘတ်) ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။ ဆဝါဒီကန်ရုံးသို့ (၂ – ၃ -၂၀၂၃) တွင် နစ်နာသူအလုပ်သမားများနှင့် အတူသွားရောက်ထုတ်ယူပေးခဲ့ပါသည်။ ဖြစ်စဉ်မှာ အလုပ်ရှင် နှင့် ဝဏ္ဏဖြစ်သူအလုပ်သမားတို့ အထည်ဈေးနည်းခြင်း၊ အလုပ်ပုံမှန်မရှိခြင်းနှင့်ပတ်သက်၍ စကားအခြေအတင်များရာ အလုပ်ရှင်က ဝဏ္ဏဖြစ်သူအား အလုပ်ထုတ်ပယ်ခဲ့သည်။
ဝဏ္ဏဖြစ်သူအလုပ်ထုတ်ခံရသည်ကို မကျေနပ်သော အခြားအလုပ်သမား(၁၀)ဦးသည်လည်း ဝဏ္ဏနှင့်အတူ အလုပ်ထွက်ခဲ့ကြသည်။ ဝဏ္ဏဖြစ်သူက အလုပ်ရှင်သိမ်းဆည်းထားသော အထောက်အထားလက်မှတ်အား ပြန်တောင်းရာ လက်မှတ်မှာ သက်တမ်းကုန်ဆုံးနေပြီဖြစ်သည်။
လက်မှတ်ဖိုးကုန်ကျငွေကို ပေးထားသော်လည်း အလုပ်ရှင်က သက်တမ်းတိုးမထားသောကြောင့်လည်းကောင်း၊ ကျန်ရှိသောလုပ်ခလစာများကို ပြန်လည်ရယူလို၍ ဝဏ္ဏနှင့်အတူ အလုပ်သမားအမျိုးသမီး စုစုပေါင်း(၆)ဦးတို့သည် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာနသို့ လာရောက် အကူအညီတောင်းခံခဲ့သည်။ ကျန်အလုပ်သမား (၅)ဦးမှာ မြန်မာပြည် နေရပ်ပြန်သွားပြီဖြစ်ကြောင်း သိရသည်။ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် ကျန်ရှိလစာအပြင် ရသင့်ရထိုက်သည့် အခွင့်အရေးနစ်နာကြေးများကို တောင်းဆိုနိုင်ရန် ရှင်းပြပေးခဲ့သည်။အဆိုပါအမှုကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာနတာဝန်ခံက ရှေ့နေရုံး(LLC) သို့ ချိတ်ဆက်ခဲ့ပြီး ထိုမှတဆင့် ဆဝါဒီကန် (အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး)သို့ ဆက်လက်တိုင်ကြားပေးခဲ့ပါသည်။ ၂-၃-၂၀၂၃ တွင် ဆဝါဒီကန်ရုံး၌ အလုပ်ရှင်မှ အလုပ်သမား(၆)ဦးအားပေးသည့် နစ်နာလျော်ကြေးငွေ (ဘတ် ၆၃၅၃၆) ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာနတာဝန်ခံက
အလုပ်သမား(၆)ဦးနှင့်အတူ သွားရောက်ထုတ်ယူပေးခဲ့ပါသည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂ ပညာရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သိသင့်သိထိုက်သည့် နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေးသင်တန်း၊ ထိုင်းအလုပ်သမားဥပဒေနှင့် မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါသည်။
– (+66) 0869382757
Viber �� (+66) 086938275