ရောင်ခြည်ဦး ဩဂုတ်လ (၃၁) ရက်၊ ၂၀၂၃။
ကျမတို့အလုပ်သမားများက ရိုးသားမှုကိုအခြေခံပြီး အလုပ်ရှင်ကို မိသားစုသဖွယ်အားကိုးဆက်ဆံတတ်ကြတာ ကျမတို့မြန်မာလူမျိုးတွေမှာ အဖြစ်အများဆုံးဖြစ်မယ်ထင်ပါတယ်။
အလုပ်ရှင်ကို ယုံကြည်အားကိုးပြီး မသိလိုက်မသိဘာသာနေရင်း အလုပ်ရှင်တွေရဲ့ လှည့်ကွက်ထဲ ပါမှန်းမသိ ပါသွားရပြီး ကျမတို့ အခွင့်အရေးဆုံးရှုံးမှုတွေ မကြာခဏဆိုသလို ကြားသိရ၊ မြင်တွေ့နေရပါတယ်။
ဒီအကြောင်းနှင့် ပတ်သက်ပြီး ကျမတို့အလုပ်သမားတွေ နားလည်သိထားရမယ့် အလုပ်သမားဥပဒေပါ အချက်အလက်အချို့ကို ပြောပြပေးချင်ပါတယ်။
ဒါမှသာ ကျမတို့အလုပ်သမားများဘက်မှလည်း ဥပဒေပါအကြောင်းအရာတွေကို တိတိကျကျ သိထားပြီး အလုပ်ရှင်ရဲ့ အလုပ်သမားတွေအပေါ်ပြုမှုဆက်ဆံပုံတွေဟာ ဥပဒေနှင့် ညီရဲ့လားဆိုတာ ချိန်ညှိသုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
အလုပ်သမားကာကွယ်ရေး အက်ဥပဒေအရ အလုပ်ချိန်၊ လုပ်အားခ၊ နားရက်၊ ခွင့်ရက်၊ ကလေးမီးဖွားခွင့် အစရှိသဖြင့် ကျမတို့ အလုပ်သမားတွေမှာ ရပိုင်ခွင့်၊ ခံစားခွင့်တွေရှိပါတယ်။
ပုဒ်မ(၃၂)အရ အလုပ်သမားတစ်ဦးအနေနှင့် အမှန်တကယ် နေထိုင်မကောင်းဖြစ်ခဲ့သည်ရှိသော် နေထိုင်မကောင်း၍ အလုပ်မဆင်းနိုင်သည့် ရှောင်တခင်ခွင့် (ကျန်းမာရေးခွင့်)ကို ယူပိုင်ခွင့်ရှိသည်။ အလုပ်သမားမှ ၎င်းရှောင်တခင်ခွင့်ယူရာတွင် (၃)ရက်နှင့် (၃)ရက်ထက်ပို၍ ခွင့်ယူခဲ့သည်ရှိသော် အလုပ်ရှင်အား ပထမတန်းစား ခေတ်မီ ဒေါက်တာထံမှလည်းကောင်း(သို့) အစိုးရဆေးခန်းတစ်ခုမှလည်းကောင်း ထုတ်ပေးသည့် ဆေးလက်မှတ်အား အလုပ်သမားမှနေ၍ တင်ပြရမည်။ ပထမတန်းစားခေတ်မီဒေါက်တာ(သို့) အစိုးရဆေးခန်းမှ ဆေးလက်မှတ်အား တင်ပြနိုင်ခြင်းမရှိခဲ့လျှင် အလုပ်ရှင်အား အခြားခိုင်လုံသော ရှင်းလင်းချက်ပေးရမည်။
ပုဒ်မ(၁၁၉)အရ အလုပ်သမားဘက်မှ ခိုင်လုံသော အကြောင်းပြချက် တစုံတရာမရှိပဲ ကြားတွင်ပိတ်ရက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သုံးရက်ဆက်တိုက် အလုပ်ရှင်၏ အလုပ်တာဝန်များ ထမ်းဆောင်ရန်ပျက်ကွက်သူ အလုပ်သမားအား အလုပ်ထုတ်ပြီးနောက် နစ်နာကြေး ပေးဆောင်ရန် မလိုအပ်ကြောင်းဖော်ပြထားပါတယ်။
ဆက်လက်၍ ကျမတို့အလုပ်သမားများအတွက် သိထားသင့် သိထားအပ်တဲ့ ထိုင်းဥပဒေပါအချက်အလက် အချို့ကို အနည်းအကျဉ်းစီ တင်ပြပေးသွားပါမယ်ရှင်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
#YaungChiOoWorkersAssociation
#YCOWA
– (+66) 0869382757
Viber �� (+66) 0869382757