ရောင်ခြည်ဦး – အောက်တိုဘာ ၂၄၊ ၂၀၂၃
ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မတူညီတဲ့လုပ် ငန်းခွင် အသီးသီးက အလုပ်သမားတွေနဲ့ အတူ 22-10-2023 ရက်နေ့မှာ စကားဝိုင်းကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ရုံးမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အလုပ်သမားစကားဝိုင်းကို စက်ရုံအလုပ်သမား၊ တောင်ယာအလုပ်သမား၊ ကျပန်းလုပ်ကိုင်နေတဲ့ အလုပ်သမားစတဲ့ မတူညီတဲ့ လုပ်ငန်းခွင်အသီးသီးက အလုပ်သမား (၁၁)ဦး တက်ရောက်လာတာဖြစ်ပြီး လုပ်ငန်းခွင်အလိုက် ကြုံတွေ့ရတဲ့ အခြေအနေတွေကို အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြတာဖြစ်ပါတယ်။
သိုးမွှေးစက်ရုံ လုပ်ငန်းခွင်အခြေအနေနဲ့ပတ်သက်လို့ “စက်ရုံမှာ မနက် ၈ နာရီကနေ ည ၈ နာရီထိလုပ်မှ ဘတ်ငွေ (၂၀၀) ပဲရတယ်။ တရားဝင်လုပ်အားခ( ၃၃၂) ဘတ်လို့သတ်မှတ်ထားပေမယ့် လက်တွေ့မှာ တရားဝင်လုပ်အားခ မရဘူး။ ထမင်း(၃)နပ် ပေးတယ်ဆိုပေမယ့် လုပ်အားခအပြည့်အဝပေးရင် ကိုယ့်ဘာ သာကိုယ် အကြိုက်ချက်စားလို့ရတယ်။ လုပ်အားခ နည်းရတဲ့ထဲ လက်မှတ်ဖိုးတစ်လကို ဘတ်(၅၀၀) ဖြတ်တယ်။ ဒါလည်း တစ်နှစ်ပတ်လုံးဖြတ်တာ။ ဒီနှစ်ပြီးရင် နောက်နှစ်လည်းလက်မှတ်ထပ်လုပ်ရမှာမို့ ဆက်ပြီး ဖြတ်ဦးမှာ” လို့ စကားဝိုင်းတက်ရောက်လာတဲ့ စက်ရုံအလုပ် သမ တဦးက ပြောပါတယ်။
အလုပ်သမားလက်မှတ်ဖိုးဆိုပြီး အလုပ်ရှင်တွေက စက်ရုံလုပ်သားတွေနဲ့ ဆောက်လုပ်ရေး လုပ်သားတွေဆီကနေ ကုန်ကျငွေ ဖြတ်တောက်ပြီး အလုပ်သမားလက်မှတ်လုပ်ပေးတယ်ဆိုပေမယ့် တကယ် လက်တွေ့မှာ အထောက်အထားလက်မှတ်လုပ်ဖို့ အမည်စါရင်းသွင်းထားတဲ့ (Name list) စာရွက်သာ ပေးကိုင်ထားတာလို့ အလုပ်သမားတွေကပြောပါတယ်။
“လက်မှတ်ဖိုးဖြတ်တာ လက်မှတ်လည်း တစ်ခါမှ မမြင်ဖူးဘူး။ လက်မှတ်လည်း ပေးမကိုင်ဘူး။ အပြင် ကိစ္စရှိလို့သွားရင်း ရဲကစစ်ရင် သူဌေးကို ဖုန်းဆက်ရတာချည်းပဲ၊ ကျနော်တို့ အလုပ်သမားလက်မှတ်က ကိုယ့်ဆီမှာ အမြဲတမ်းထားရမှာ အခုလို အလုပ်ရှင်က သိမ်းထားတယ်ဆိုတာ ကျနော်တို့ကို ဘယ်မှ သွားလို့လာလို့မရအောင် ချုပ်ထားတာမို့ ကျနော်တို့အခွင့်အရေးကို ချိုးဖေါက်တာ”လို့ ဆောက်လုပ်ရေးလုပ်သား တဦးကပြောပါ တယ်။
လုပ်ငန်းခွင်အသီးသီးမှာ နေ့စဉ်အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဘေး ကင်းလုံခြုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လစ်လျူရှု့ခံနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့လည်း အလုပ်သမားတွေအချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေရင်း ထိခိုက်ဒဏ်ရာရတဲ့ အလုပ်သမားအတွက် ကျန်းမာရေးစောင့်ရှောက်မှုမရှိတာနဲ့ပတ်သက်လို့ စကားဝိုင်းကိုတက်ရောက်လာတဲ့ အလုပ်သမ တဦးက သူ့အမျိုးသားရဲ့ အခြေအနေကို “လုပ်ငန်းခွင်မှာ ထိခိုက်မိပြီး လက်ကျိုးသွားတယ်၊ ကျောက်ပတ်တီးနဲ့ နေရတယ်။ ဖြစ်တဲ့နေ့တစ်နေ့ပဲ သူဌေးကလာကြည့်တယ်။ အမျိုးသားက လက်ကျိုးနေတော့ အလုပ်မလုပ်နိုင်၊ သူဌေးကလည်း နစ်နာကြေးလည်း တစ်ပြားမှ မပေးဘူး။ အခုရေဖိုး၊ မီးဖိုး၊ အခန်းငှားခ ပေးဖို့မရှိဘူးဖြစ်နေတယ်။ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး” လို့ပြောပါတယ်။
စကားဝိုင်းမှာ အလုပ်ချိန်၊ လုပ်အားခ၊ အလုပ်သမားလက်မှတ်ကိစ္စ၊ လုပ်ငန်းခွင်တွင်း ဖိနှိပ်ခံရတဲ့အခြေအနေ၊ ဘေးကင်းလုံခြုံမှုမရှိတဲ့ လုပ်ငန်းခွင်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ပတ်သက်လို့ လုပ်ငန်းခွင်အသီးသီးမှာ ချိုးဖေါက်ခံနေရတာဖြစ်တယ်လို့ စကားဝိုင်း တက်ရောက်လာတဲ့ အလုပ်သမားတွေကြား အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီလို အလုပ်သမားတွေအပေါ် လုပ်ငန်းရှင်ဘက်က အလုပ်ချိန် တနေ့ (၁၂)နာရီခိုင်းပြီး လုပ်ခကျတော့ ဘတ်ငွေ (၂၀၀)ပဲပေးတာ၊ အလုပ်သမားလက်မှတ်ဖိုးဆိုပြီး လစဉ်ငွေဖြတ်တောက်ပြီး ကိုယ့်လက်မှတ် ကိုယ်တိုင် ကိုင်ဆောင်ခွင့်ဆုံးရှူံးနေကြရတာ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုအတွက် အလုပ်သမားတွေနဲ့ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်မပေးတာ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရတဲ့ အလုပ်သမားတွေအပေါ်မှာလည်း တာဝန်ယူမှုမရှိဘဲ လစ်လျှူရှု့ထားတာတွေဟာ အလုပ်သမားအခွင့်အရေးကို ချိုးဖေါက်ခံနေရတာဖြစ်တာကြောင့် ဒီအခွင့်အရေး တွေပြန်လည်ရရှိဖို့ အလုပ်သမားတွေအချင်းချင်းသွေးစည်းညီညွှတ်မှုနဲ့ ဘယ်လိုနည်းနားသုံးပြီး ဆက်လက်လုပ်ဆောင်ကြမလဲဆို တာကိုလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757