ရောင်ခြည်ဦး – နိုဝင်ဘာ ၃၀၊ ၂၀၂၃
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အမျိုးသမီးယူနစ်မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသ၊ မယ်သောင်ကျေးရွာရှိ အလုပ်သမားအမျိုးသမီး (၂၆) ဦး၊ အလုပ်သမားအမျိုးသား (၁) ဦးတို့နှင့်အတူ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးအတွက် ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်နေ့က ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အသိပညာများမျှဝေဖို့၊ အကြမ်းဖက်မှုတွေကြုံလာရင် ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ နည်းနာများမျှဝေဖို့၊ အကြမ်းဖက်မှုနှင့် ကြုံနေရတဲ့ အမျိုးသမီးတွေ ခွန်အားဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနှင့် ပြုလုပ်ရတာဖြစ်ပါတယ်”လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အမျိုးသမီးယူနစ်က ပြောပါတယ်။
ဒီအခမ်းအနားမှာ ၁၆ ရက်တာ လှုပ်ရှားမှု သမိုင်းကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အမျိုးအစားများအပြင် နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာ ကာလအတွင်း အထင်ကရ နေ့ရက် ၆ ခု ရဲ့ သမိုင်းကြောင်းတွေကို ဆွေးနွေးခဲ့ပါတယ်။
တက်ရောက်လာသူအမျိုးသမီးများကလည်း သူတို့ရဲ့ အကြမ်းဖက်ခံရမှုအတွေ့အကြုံများကို အပြန်အလှန်မျှဝေပြီး အချင်းချင်း စိတ်ဓာတ်ခွန်အားပေးခဲ့ကြပါတယ်။
အလုပ်သမားအမျိုးသမီးတွေကလည်း အကြမ်းဖက်မှုတွေကို လက်မခံပါဘူး၊ ကိုယ့်ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ မရှိရအောင် အားလုံးဝိုင်းဝန်း ပံ့ပိုးကြပါမယ်ဆိုတာကို အများပြည်သူ သိစေနိုင်ဖို့အတွက် ဖဲကြိုးဖြူများကို ကိုယ်စီ ရင်ဘတ်မှာ တပ်ဆင်ပြီး “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင်ပံ့ပိုးစို့” ဆိုတဲ့ ဆောင်ပုဒ်များကို ကိုင်ဆောင်၍ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber – (+66) 0869382757