သူများတွေတော့မသိပါဘူး..မမမြင့်တို့ကတော့ လတစ်လမှာ ၁၀ ရက်နေ့ကို အကြိုက်ဆုံးပဲ..တော်ရေ့။ ဘာလို့ဆို ၁၀ ရက်နေ့မှ လစာထုတ်ရတာကိုး။ ဒီလတော့ မမမြင့်တို့ ငွေရွှင်တဲ့လပဲ..၃၅၀၀ ကျော် ရတယ်။ သူဌေးမ ကူပေါင် (coupon) ထပ်ခိုင်းတုန်းက နောက်လကူပေါင်တွေထဲက ၅ ရွက်လောက် ညှပ်ထည့်လိုက်တယ်လေ။
ဟိုဘက်လိုင်းက မနုတို့တော့ လက်ကို စက်တပ်ချုပ်သလား မသိပေါင်..လစာထုတ်ရင် ၄၀၀၀လောက် ရတယ်။ ကိုယ်တွေများတော့ မနက်၈နာရီ ဒေါင်ဆိုတာနဲ့ စချုပ်တာပဲ..တစ်နေ့ကို ၁၃ နာရီလောက် ချုပ်တာတောင် လစာက အမြဲလိုလို ၃ထောင် မပြည့်ချင်ဘူး။
ရတဲ့လစာလေးထဲကနေ ရေဖိုးမီးဖိုးနဲ့လက်မှတ်ဖိုးဆိုပြီး သူဌေးကို ၁၀၀၀ ပြန်ပေးရသေးတယ်။ ဘယ်မှာလဲ မမမြင့်တို့အတွက် တရားမျှတမှု။ ကိုယ့်နိုင်ငံမှာ ပြည်သူ့မျက်နှာမကြည့်တဲ့ စစ်အာဏာရှင်တွေ မင်းမူနေတော့ သူများနိုင်ငံမှာ မျက်နှာငယ်ချက်ပဲတော်။ ဘာပဲဖြစ်ဖြစ် သည်းခံပြီး လုပ်ရမှာပဲ။ ရွာမှာထက်စာရင် ဒီမှာက ဝင်ငွေလေး ပိုရတယ်လေ။ တစ်ခါတစ်လေ အိမ်ကို ငွေလေးဘာလေး ပြန်ပို့နိုင်တာပေါ့။ ဒီလ လစာထဲကနေ ၁၄၀၀ လောက်တော့ ဖယ်ထားပြီး ရွာမှာကျန်ခဲ့တဲ့ အမေနဲ့ အငယ်မလေးအတွက် ပို့ပေးဦးမှပါပဲ။ သူတို့ဘက်မှာလည်း ကုန်ဈေးနှုန်းတွေက တက်ပါဘိနဲ့ မလောက်ငှကြရှာပါဘူး။ အိမ်ကို ပိုက်ဆံမပို့ပေးနိုင်တာလည်း ၂လလောက်ရှိပြီ။ ရှေ့လတွေတုန်းက အော်ဒါတွေ မဝင်လို့ဆိုပြီး အလုပ်မလုပ်ရတဲ့ရက်တွေများတော့ လစာနည်းနည်းပဲ ရတယ်လေ။ ကိုယ်စားဖို့အတွက်တောင် မလောက်လို့ ၁၀၀၀ ကို ၁၀၀ တိုးနဲ့ ချေးခဲ့ရသေးတယ်။ ဒီလလည်း မဆပ်နိုင်သေးတော့ အတိုးပဲ ပေးထားရမှာပဲ။
ရှင်းစရာရှိတာတွေလည်း ရှင်းပြီးရော လက်ထဲ ကျန်တာ ရာတန်လေး နည်းနည်းနဲ့ အကြွေစေ့တွေ။ ရုံထဲက တန်းလျားမှာ ကပ်နေလို့ရလို့ တော်သေးတယ်။ အိမ်ငှားခပါ ထပ်ပေးရမယ်ဆိုရင် မမမြင့်တို့တော့ တစ်လလုံး ရေသောက် ဗိုက်မှောက်ရတော့မယ့်ကိန်း။
မှတ်မိပါသေးတယ်..ဒီမဲဆောက်မြို့ကြီးကို စရောက်ကာစကတော့..မမမြင့်တို့ အိပ်မက်တွေ တစ်သီတစ်သန်းနဲ့ပေါ့..၂နှစ်လောက် ကြိုးစားအလုပ်လုပ်၊ ပိုက်ဆံစုပြီးရင် ကိုယ့်ရွာကိုပြန်ပြီး အိမ်ဆိုင်လေး ဖွင့်မယ်ပေါ့။ ခုများတော့ ပိုက်ဆံစုဖို့ဆိုတာ ဝေလာဝေး..တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ဘယ်တော့မှ တိုးမလာတဲ့ လုပ်အားခတွေကြား အကြွေးနွံထဲပဲ နစ်သည်ထက်နစ်လို့။ မိုးလင်းက မိုးချုပ် ဒီစက်ရုံထဲမှာပဲ တစ်နေ့ပြီးတစ်နေ့ ကူးလာလိုက်တာ နှစ်တွေအလီလီပြောင်းလို့..ဒီစက်ရုံကြီးထဲမှာပဲ အိုသေသွားမှာကိုတောင် ဆိုးမိပါရဲ့။
အလုပ်သမားတွေ အခြေခံ လုပ်ခလစာ အပြည့်အဝရတဲ့ တစ်နေ့၊ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရတဲ့ တစ်နေ့တော့ မမမြင့်တို့ ဒီစက်ရုံကြီးထဲကနေ လွတ်မြောက်နိုင်ကောင်းပါရဲ့…။
==========================
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757