ရောင်ခြည်ဦး – အောက်တိုဘာ ၁၉၊ ၂၀၂၃
ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ကာ လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေအပါအဝင် အလုပ်သမားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မဲဆောက်ဒေသတွင်း စက်ရုံအလုပ်ရုံ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စတဲ့ လုပ်ငန်းခွင်အသီးသီးမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေနဲ့ အောက်တိုဘာ ၆ ရက်နေ့က စတင်ကာ (၁၀)ရက်ကြာ တွေ့ဆုံပြီး စကားဝိုင်း(၇)ကြိမ်ထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြုလုပ်ခဲ့တဲ့ စကားဝိုင်း (၇)ကြိမ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားစုစုပေါင်း (၁၀၀)ကျော်တက်ရောက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
စကားဝိုင်းတွေမှာ လက်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့လုပ်အားခ၊ တရားဝင် အလုပ်သမား အထောက်အထားလက်မှတ် ပြုလုပ်နိုင်မှုအခြေအနေနဲ့ ပြည်ပရောက်မြန် မာအလုပ် သမားတွေထံကနေ မိသားစုလွှဲပို့ငွေအဖြစ် လစာရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကို ဖြတ်တောက်ဖို့ စစ်ကောင်စီက လက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ အလုပ်သမား အေဂျင်စီတွေကို ဖိအားပေးခိုင်းစေတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့တဲ့အပေါ် အမြင်သဘောထားနဲ့ မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာ့နိုင်ငံတွေ ကသိအောင် ထုတ်ဖော်ပြောဆိုနိုင်တဲ့ လမ်းကြောင်းနဲ့ ထုတ်ဖော်ပြောဆိုပေးမယ့် ပုဂ္ဂိုလ်အပေါ် ဘယ်လို သဘောထားအမြင်တွေရှိသလဲ စတာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
(၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန် စက်တင်ဘာလ (၂၂)ရက်နေ့ကနေ ဒီကနေ့အထိ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်တာဝန်ကို လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်အတည်ပြုပေးဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာရောက်မြန်မာတွေရဲ့ လှုပ်ရှားမှုတွေကို သတင်းတွေကနေ ကြားသိနေရကြောင်း အလုပ်သမားတွေက ဆွေးနွေးတင်ပြကြပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီတွေထံ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားချက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် ၃လ တကြိမ် စကစ သတ်မှတ်ထားတဲ့ ငွေလွှဲဝန်ဆောင်မှုကနေတဆင့် လွှဲပို့ရမှာဖြစ်ကြောင်း ဖော်ပြထားသလို ဒီညွှန်ကြားချက်နဲ့ပတ်သက်လို့ “ MoU ရော၊ MoU ပြင်ပလုပ်သားရော သွားရင် round about က ၂၅ ရာခိုင်နှုန်းပြန်လွှဲရမယ်။ အေဂျင်စီနဲ့ ချိတ်ဆက်ပြီးသွားတဲ့သူတွေတော့ ဒီစနစ်မှာလိုက်ပြီး ဆောင်ရွက်ရ မှာဖြစ်ပါတယ်”လို့ မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက VOA သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ဖြေဆိုချက်ဟာ ပြည်ပရောက်အလုပ်သမားတွေအပေါ် ဘယ်လို သက်ရောက်လာနိုင်သလဲ ဆိုတာတွေကိုပါ အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။
စကားဝိုင်းကို တက်ရောက်လာတဲ့ အလုပ်သမားတွေက “ ပြည်ပကို ထွက်ခွာအလုပ်လုပ်ကိုင်ဖို့ စစ်ကောင်စီက ကူညီထားတာ ဘာတစ်ခုမှ မရှိဘူး ကိုယ့် အိမ်ခြံမြေတွေပေါင်ပြီး ထွက်ခွာလုပ်ကိုင်နေရတာ၊ အဆင်ပြေရင် မိသားစုဆီ ကိုယ့်ဖာသာ ၁၀၀ ရာခိုင်နှုန်းလည်း လွှဲမှာပဲ အခုကာလမှာ အလုပ်က အဆင်မပြေတော့ ပြတ်တစ်လှည့် ငတ်တစ်လှည့်နဲ့ ကျပ်တည်းနေတာ သူတို့ဆီကနေ ငွေလွှဲဖို့ ၂၅ ရာခိုင်နှုန်းမပြောနှင့် တစ်ပြားမှ မလွဲနိုင်ဘူး” လို့ပြောပါတယ်။
အလုပ်သမားတွေရဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို စကစရဲ့ ငွေလွှဲဝန်ဆောင်မှုကနေ လွှဲပို့မှုအပါအဝင် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကိုအခွန်အဖြစ်ပေးဆောင်ရမှာဖြစ်သလို ဝင်ငွေခွန်မပေးဆောင်တဲ့ အလုပ်သမားတွေကိုလည်း ပြည်ပထွက်ခွာခွင့်နဲ့ ဗီဇာတွေကို ပိတ်မယ်လို့လည်း စစ်ကောင်စီဘက်က ခြိမ်းခြောက် ထုတ်ပြန်ထားတာလည်း ရှိနေပါတယ်။
“ကိုယ့်ပြည်သူတွေ ဘယ်လိုနေထိုင်ရလဲ၊ ဘယ်လိုစားသောက်ရလဲ တစ်ချက်ကလေးမှ မကြည့်ပဲ ပြည်သူတွေရဲ့ လုပ်အားခကို ဖြတ်တောက်ဖို့၊ တစ်နည်းမဟုတ်တစ်နည်း အမျိုးမျိုးနှိပ်စက်ဖို့ပဲတွေးနေတာ၊ ပြည်သူတွေဆီက ရတဲ့ ပိုက်ဆံနှင့် ပြည်သူတွေကိုပဲ ပြန်သတ်နေမှာ ကိုယ့်ပိုက်ဆံနှင့် ကိုယ်ပြန်သတ်ခံရမယ့် အလုပ်မလုပ်ဘူး တစ်ပြားမှ မပေးနိုင်ဘူး” လို့ စကားဝိုင်း တက်ရောက်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေကို ငွေလွှဲပေးပို့ဖို့သတ်မှတ်ချက်နဲ့ အခွန်စည်းကြပ်မှုတွေဟာ နောက်ပိုင်း CI စာအုပ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအပေါ်မှာလည်း သက်ရောက်လာနိုင်သလို ပန်းရောင် ကတ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအပေါ်လည်း သက်ရောက်မှုတွေရှိလာနိုင်ကြောင်း စကားဝိုင်း တက်ရောက်လာတဲ့ အလုပ်သမားတွေက သုံးသပ်ပါတယ်။
NLD အစိုးရလက်ထက် မြန်မာပြည်မှာ စက်ရုံအလုပ်ရုံတွေဖွင့်လှစ်ဖို့စီစဉ်တဲ့အခါ ပြည်ပရောက် မြန်မာ ပြည်သားများ မြန်မာပြည်ကို ပြန်လာကြပါတယ်။ ဒီအချိန်မှာ ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များက အလုပ်သမား ထုလျော့နည်းလာမှုကြောင့် စိုးရိမ်မှုရှိလာကြပါတယ်။ မြန်မာပြည်နယ်စပ်မှာပါ စက်ရုံအလုပ်ရုံတွေ တည်ထောင်ဖို့ ကြိုးစားလာကြတာတွေ့ရပါတယ်။ အလုပ်သမားရဲ့တန်ဖိုးကို ထိုင်းနိုင်ငံထဲက လုပ်ငန်းရှင်တွေ သိမြင်လာတဲ့ အခြေအနေလို့ ပြောလို့ရကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
အစိုးရအာမခံချက်ရှိနေရင် ပြည်သူတွေရဲ့ စားဝတ်နေရေးအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုံခြုံမှုအပိုင်းမှာပါ စိတ်ချရပါတယ်။ ဒီလိုအစိုးရတရပ်ကို ရွေးချယ်ဖို့၊ ဖန်တီးဖို့ ဟာ မြန်မာပြည် သူပြည်သားတွေရဲ့ တာဝန်ဖြစ်သလို လူထုရဲ့အသံကို နိုင်ငံတကာသိအောင် ဖော်ဆောင်ပေးနိုင်တဲ့ ကိုယ်စားပြုမှုရှိ သူတွေကိုလည်း ဝန်းရံ ထောက်ခံဖို့လိုအပ်တာမို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် တာဝန်ကို လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက် အတည်ပြုပေးဖို့ ထောက်ခံကြောင်း လှုပ်ရှားမှု လုပ်ဆောင်ဖို့လိုအပ်ကြောင်း ဆွေးနွေးပွဲက ဆုံးဖြတ်ဖော်ဆောင်ခဲ့ပါတယ်။
“အခုပြည်သူတွေက ငါးပိငါးချဉ်မဟုတ်တော့ဘူး၊ သူလုပ်ချင်တိုင်းလုပ်ရအောင် အခုနေနေတဲ့ ခေတ်ကို တစ်ချက်လောက် ကြည့်လိုက်ဦး၊ ပြည်သူတွေက မျက်စိပွင့်နားပွင့်ဖြစ်နေပြီ ၊ လှည့်စားချင်တိုင်းလှည့်စား လို့မရတော့ဘူး၊ ကျွန်တော်တို့က လက်နက်နှင့် တိုက်ပွဲမဝင်နိုင်ပေမယ့် ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က ပါဝင်မယ်” လို့ စကားဝိုင်းတက်ရောက်သူတစ်ဦးက ပြောပါတယ်။
ဒီလိုအပြန်အလှန်ဆွေးနွေးကြပြီး “ငါတို့သံအမတ် ငါတို့ အသံ” ဆိုတဲ့ ဆောင်ပုဒ်ကိုယ်စီကိုင်ဆောင်ပြီး ကမ်ပိန်းကို ရွှေ့ပြောင်းအလုပ်သမားများနှင့်အတူတကွပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာပြည်မှာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ပြီး ဘဝ အသက်ရှင် ရပ်တည်ရေးခက်ခဲတဲ့အတွက် ထိုင်းနိုင်ငံ၊မဲဆောက်မြို့ကို ရွှေ့ပြောင်းရောက်ရှိလာပြီး ဝမ်းရေးအတွက် ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်ရှာဖွေ နေကြရတဲ့ မြန်မာပြည်သား အလုပ်သမား အချင်းချင်းကြားမှာ လတ်တလော နိုင်ငံရေးနဲ့ အလုပ်သမား အရေးတွေကို ဆွေးနွေးဖလှယ်ကြပြီး သွေးစည်းညီညွတ်စွာ အတူတကွ ပြဿနာတွေကို ဖြေရှင်းကြဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနှင့် စကားဝိုင်းတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757