ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ၂ရက်ကြာ သင်တန်းပြုလုပ်

ရောင်ခြည်ဦး – ၂၃ မေလ၊ ၂၀၂၂ (တနင်္လာနေ့)

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့်လိင်ကွဲပြားမှု အခြေခံသင်တန်းကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဘန့်ဆောင်ခွဲ၊ ဆောင်ခွဲနိမ်တွင် မေလ ၂၁ရက်မှနေ့စတင်ပြီး (၂)ရက်ကြာ ပြုလုပ်ခဲ့ပါသည်။

ဒီ၂ရက်တာသင်တန်းကို ဘန့်ဆောင်ခွဲရှိ အလုပ်သမား စုစုပေါင်း ၁၉ ဦး တက်ရောက်ခဲ့ပြီး အများစုမှာ အိမ်ရုံ၊ စက်ရုံအလုပ်သမားများ ဖြစ်ပါတယ်။ သင်တန်းပထမရက် နံနက်ပိုင်းတွင် ဆရာ ဦးမိုးကျော်မှ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် သင်ခန်းစာများကို ပို့ချပေးခဲ့ပြီး နေ့လည်ပိုင်းတွင် ဆရာမ မသူဇာကြိုင်မှ လိင်နှင့်လိင်ကွဲပြားမှုအခြေပြု အသိပညာရပ်များကို ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

သင်တန်းဒုတိယရက် နံနက်ပိုင်းမှာ ဆရာမ မသူဇာကြိုင်မှ အလုပ်သမားအခွင့်အရေးနှင့် ထိုင်းနိုင်ငံရှိ အလုပ်သမားဥပဒေဆိုင်ရာ အချက်အလက်များကို ရှင်းပြခဲ့ပြီး ညနေပိုင်းမှာတော့ အလုပ်သမားသမဂ္ဂပညာရေးနှင့်ပတ်သက်သည့် သင်ခန်းစာများကို ဆရာ ဦးမိုးကျော်မှ ဦးဆောင်ပို့ချ ဆွေးနွေးခဲ့ပါတယ်။

မဲဆောက်ဒေသမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ လုပ်ငန်းခွင်တိုင်းလိုလိုမှာ အနည်းနှင့်အများဆိုသလို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အလုပ်သမားတွေ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို မသိရှိတဲ့အတွက် အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။

လိင်ကွဲပြားမှုအပေါ် အခြေခံပြီး လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပပျောက်စေရန်နဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိုယ်တိုင် မိမိတို့အခွင့်အရေးများကို ကိုယ်တိုင်သိနားလည်ပြီး လုပ်ငန်းခွင်တွင်း အခွင့်အရေးချိုးဖောက်ခံရမှုများ ကြုံလာပါက ဥပဒေကြောင်းအရ ရင်ဆိုင်တိုက်ပွဲဝင်နိုင်စေရန်စတဲ့ ရည်ရွယ်ချက်များနဲ့ စကားဝိုင်းများ၊ သင်တန်းများကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားညီအစ်ကိုမောင်နှမများ ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

About the author

Pyea Phyo Kyaw