ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တည်ထောင်ခြင်း (၂၅)နှစ်ပြည့် အခမ်းအနားကျင်းပ

ရောင်ခြည်ဦး၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၉ ရက်
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တည်ထောင်ခြင်း ၂၅နှစ်ပြည့်အခမ်းအနားနဲ့အတူ ဇွန် ၆ အလုပ်သမားသပိတ် ၅၀ နှစ် ပတ်လည်းနေ့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးမှာ ဒီကနေ့ မနက်ပိုင်းမှာ တပြိုင်တည်း ကျင်းပခဲ့တာဖြစ်ပါတယ်။
အခမ်းအနားကို မဲဆောက်ဒေသတွင်းက အထည်ချုပ်စက်ရုံ၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးအပါအဝင် အိမ်အကူလုပ်သားတွေ စုစုပေါင်း ၆၀ ကျော်တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားမှာ ၁၉၉၉ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်ရောက် ၈၈ကျောင်းသားတွေနဲ့ အလုပ်သမားတွေက ဒေသတွင်းမြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြောင့် ရောင်ခြည်ဦးအလုပ် သမားများအဖွဲ့ကို တည်ထောင်ဖွဲ့စည်းခဲ့ကာ မြန်မာအလုပ်သမားရေးရာလုပ်ငန်းတွေကို စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်နေတာ ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီး လူ့အခွင့်အ‌ရေး အလုပ်သမားအခွင့်ရေးနဲ့ စစ်မှန်တဲ့ အလုပ်သမားအစုအဖွဲ့တွေပေါ်ပေါက်လာပြီး အလုပ်သမားအခွင့်အ‌ရေး ကာကွယ်နိုင်ရေးတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းကိုလည်း ရောင်ခြည်ဦးအဖွဲ့ တာဝန်ရှိသူတွေကပြောကြားပါတယ်။
မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ ၁၉၇၄ ခုနှစ် ဇွန် ၆ အလုပ်သမား လှုပ်ရှားမှု ရန်ကုန် သမိုင်းချည်စက် ၊ အင်းစိန် မီးရထားစက်ခေါင်းရုံ၊ သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ စတဲ့ အလုပ်သမားတွေ အလုပ်လုပ်နေရင်း ထမင်း ငတ်နေရတဲ့ အဖြစ်ကနေ ဆန်လုံလောက်စွာရရှိရေး၊ လုပ်ခွင်သက်သာချောင်ချိရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်သမားကောင်စီဖျက်သိမ်းပေး စတဲ့အချက်တွေကို တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းကြောင်းတွေကို ထိုင်းရောက် မြန်မာအလုပ်သမားတွေသိရှိနိုင်အောင် ဒီနေ့အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အခမ်းအနားကို တက်ရောက်လာတဲ့ အလုပ်သမားတွေ ပါဝင်ဆင်နွှဲကြတဲ့ ကျပန်းစကားပြော ပြိုင်ပွဲတွေ၊ အလုပ်သမားရေး သိကောင်းစရာ အမေးအဖြေတွေအပါအဝင် Game Activity စတဲ့ လှုပ်ရှားမှုတွေပြုလုပ်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ အခမ်းအနားကို အောင်မြင်စွာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

YaungChiOoWorkersAssociation

YCOWA

☎ – (+66) 0869382757
Viber �� (+66) 0869382757

About the author

Pyea Phyo Kyaw