မြ၀တီမင်းကြီးကျောင်းတိုက်၏ နာယကဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာ
ရောင်ခြည်ဦး၊ ၂၀၂၂ အောက်တိုဘာလ ၃၁
သက်တော် (၇၁)နှစ် သိက္ခာတော် (၅၁)နှစ်ရှိပြီဖြစ်သော မြ၀တီမင်းကြီးကျောင်းတိုက်၏ နာယကဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အောက်တိုဘာလ ၂၇ ရက်နေ့ ည ၁၀နာရီ ၃၀မိနစ် အချိန်ခန့်က နှလုံးသွေးကြောပိတ်ဝေဒနာဖြင့် ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ကြားသိရ သဖြင့် စိတ်မချမ်းမြေ့စွာ ဝမ်းနည်းကြောင်းဖော်ပြလိုပါသည်။
၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်း စစ်တပ်က ဆရာတော်အရှင်သူမြတ်ကို မတရားဖမ်းဆီးကာ ၆လ ထောင်သွင်းအကျဉ်းချခဲ့ခြင်း ခံခဲ့ရသည်။ ဆရာတော်အရှင်သူမြတ် ထောင်မှလွတ်မြောက်ချိန်တွင်လည်း စစ်အာဏာရှင်များက ဆက်လက်အန္တရာယ်ပေးမည်ကို သိမြင်တော်မူတဲ့အတွက် ကရင်တိုင်းရင်းသား လက်နက်ကိုင်များရှိရာ တောင်ပိုင်းဒေသသို့ တိမ်းရှောင်ခဲ့ကာ တောတွင်းတွင် ဆင်းရဲစွာ သီတင်းသုံးခဲ့ရသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ် သီတင်းသုံးရာဒေသတွင် စစ်ပွဲများစတင်ဖြစ်ပွား လာခဲ့တာကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြောင်းရွှေ့သီတင်းသုံးတော်မူနေစဉ် စစ်အာဏာရှင်အဆက်ဆက် ပေးခဲ့သည့် ဒါဏ်ချက်တွေနဲ့အတူ ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
ဆရာတော်အရှင်သူမြတ်သည် သက်တော်ထင်ရှားရှိနေစဉ်ကာလတလျှောက် ရဟန်းတို့၏ အလုပ်ဖြစ်သော ပဋိယတ္တိ၊ ပဋိပတ္တိအလုပ်များကို သာသနာတော်အတွက် ကျိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင် အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်လျက် ပြည်သူလူထုနဲ့အတူ ဖြောင့်မတ်စွာရပ်တည်တော်မူခဲ့သည်။
မြတ်ဗုဒ္ဓ၏ တရားတော်များကို အကြောင်းနှင့်အကျိုး ကောင်းစွာ သုံးသပ်ဆင်ခြင်၍ နည်းလမ်းတကျ လမ်းညွှန်ပြသတော်မူခဲ့သည့် ရဟန်းတော်တပါးဖြစ်သည့်အပြင် သာသနာတော်အတွက်သာမက အမှန်တရားကို လေးစားမြတ်နိုးကြသူများအတွက် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ကြောင်း အလေးအနက်ပြု မှတ်တမ်းတင် အပ်ပါသည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757