မြန်မာ့နိုင်ငံရေး အကြပ်အတည်းနဲ့ နယ်စပ်ဖြတ်ကျော် အလုပ်သမားများဘဝ

ရောင်ခြည်ဦး (၂၆ မတ်လ ၂၀၂၂)

ထိုင်းစံတော်ချိန် (၁၀ နာရီ ၄၅ မိနစ်)

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ International Organization for Migration (IOM) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင်းမှာ ရွှေ့ပြောင်းအလုပ်သမား (၄)သန်းမှ (၅)သန်းခန့် အလုပ်လုပ်ကိုင်နေကြကြောင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားများ အတွက် အကာကွယ်ပေးရေး ကြိုးပမ်းခဲ့သော်လည်း အများစုမှာ ထိခိုက်လွယ်ပြီး ရွှေ့ပြောင်းနေထိုင်မှုလုပ်ငန်းစဉ်အတွင်း သိသာထင်ရှားသည့် အန္တရာယ်ကျရောက်နိုင်မှု အခြေအနေတွင်ရှိနေကြောင်း၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၀ ခုနှစ်စာရင်းကတော့ မြန်မာနိုင်ငံကထွက်ခွာပြီး အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမား (၃.၇)သန်းရှိပြီးတော့ အဲဒီထဲက (၇၀)ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင်နေကြကြောင်းဖော်ပြခဲ့ပါတယ်။

မဲဆောက်ဒေသတွင်းက ထိုင်းအစိုးရဌာနနဲ့ လုပ်ငန်းရှင်တွေအပါအဝင် အလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကြား (၂၀၂၂)ခုနှစ် မတ်လ (၉)ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုမှာတော့ ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာန တာဝန်ရှိသူ ကတော့ ထိုင်းနိုင်ငံတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃)သန်းကျော် အလုပ်လုပ် ကိုင်နေ တယ်လို့ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား(၃)သန်းကျော်ထဲက ဘယ်လောက်အရေအတွက်ဟာ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ တရားဝင်အထောက်အထားအပြည့်အစုံရှိတဲ့ မြန်မာ အလုပ်သမားဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ထည့်သွင်းပြောကြား ခဲ့ခြင်း မရှိပါဘူး။ အခုကာလမှာ အထောက်အထားလက်မှတ်တွေ (အလုပ်သမားလက်မှတ် အပါအဝင် ဗီဇာသက်တမ်း) အုပ်စုအလိုက် သက်တမ်းကုန်နေပြီး အုပ်စုလိုက် သက်တမ်း တိုးနေရဆဲကာလမို့ တရာဝင်အလုပ်သမားဦးရေနဲ့ တရားမဝင်တဲ့ အလုပ်သမား အရေအတွက် ကိန်းဂဏန်းကို အတိအကျ ပြောဖို့ခက်ခဲနေသေးတာဖြစ်နိုင်တယ်လို့ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ အလုပ်သမားရေးလုပ်ဆောင်နေသူ တစ်ဦး ကပြော ပါတယ်။

အထက်က ဖော်ပြခဲ့တဲ့ ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသားအလုပ်သမား (၃)သန်း ကျော်ဟာ ထိုင်းနိုင်ငံထဲမှာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက အလုပ်လုပ်ကိုင်နေသူတွေလို ပြောလို့ရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ ထိုင်းနိုင်ငံနဲ့အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးတဲ့နောက် စစ်တပ်ကိုဆန့်ကျင်တော်လှန်မှု တွေနဲ့ နိုင်ငံရေးတည်ငြိမ်မှုမရှိသလို စီးပွားရေးလည်းကျဆင်းနေခဲ့ပါတယ် ဒီလိုအခြေအ နေတွေကြောင့် နောက်ထပ် ထိုင်းနိုင်ငံထဲ ဝင်ရောက် အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာ နိုင်ငံသားတွေဟာ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်မှုတွေ နေ့စဉ်ဆိုသလိုရှိနေ တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်(၂၀၂၁) နိုဝင်ဘာလနဲ့ ဒီဇင်ဘာ နှစ်လအတွင်းမှာ ထိုင်းနိုင်ငံထဲကို နယ်စပ်ဖြတ် ကျော်ဝင်ရောက်သူပေါင်း အနည်းဆုံး ၆၈,၀၀၀ ရှိတယ်၊အဲဒီအထဲက အများစုဟာ မြန်မာတွေဖြစ်ကြတယ်လို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ ဖွံ့ဖြိုးရေးကွန်ရက်ရဲ့ တာဝန်ရှိသူကပြောပါတယ်။

ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများဖွံ့ဖြိုးရေးကွန်ရက်တာဝန်ရှိသူရဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ထိုင်းနိုင်ငံတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ (၆၈,၀၀၀) ရှိပြီး အဲဒီထဲမှာ မြန်မာတွေအများစုဖြစ်တယ်ဆိုတဲ့အချက်ကိုထောက်ပြတဲ့ ကိန်းဂဏန်းတွေ ထပ်ထွက် ပေါ် လာပါတယ်။ အဲဒါကတော့ (၂၀၂၂) ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလအတွင်းမှာ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်လာလို့ ထိုင်းအာဏာပိုင်တွေ စစ်ဆေးဖမ်းဆီးမိကြောင်း သတင်းတွေဆက်တိုက်ထွက်ပေါ်လာပါတယ်။ နယ်စပ်ဖြတ် ကျော်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာလို့ ဖမ်ဆီးခံရသူပေါင်းဟာ (၂) လအတွင်းမှာ (၁၀၀၀၀) နီးပါးရှိနေပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်တာအများဆုံးနယ်စပ်တွေကတော့ ထိုင်း-မြန်မာနယ်စပ် (မဲဆောက်) တာ့ခ်ခရိုင် ၊ ရနောင်း၊ ကန်ချနဘူရီ၊ ပရာကျွတ်ခရီခန်၊ ချင်းမိုင်၊မယ်ဟောင်ဆောင် ဘုရားသုံးစူနယ်စပ် စတဲ့နေရာတွေကနေ နယ်စပ်ဖြတ်ကျော်ပြီးဝင်ရောက် လာတာများ ပါတယ်။

အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်ဖို့ အတွက် လူကယ်ရီ လူပွဲစား၊ လမ်းပြ၊ အလုပ်ပွဲစား စတဲ့သူတွေနဲ့ ချိတ်ဆက်ပြီး ဝင်ရောက်လာကြတာများပါတယ်။ ပွဲစားခတွေကလည်း အမျိုးမျိုး ပေးရပြီး ကုန်ကျစရိတ်ကြီးမြင့်နေပါတယ်။

ထိုင်းနိုင်ငံတွင်း ပွဲစားခ လူသယ်ခနဲ့ အလုပ်အကိုင်ရှိနေတဲ့ဒေသအထိ ပို့ဆောင်ဖို့ နေရာအနီးအဝေးကိုလိုက်ပြီး ဈေးနှုန်းကွားခြားချက်တွေ ရှိတာကိုတွေ့ရပါတယ်။ ပွဲစားတွေနဲ့ဝင်ရောက်လာတဲ့သူတွေအများစုဟာ ဘတ်ငွေ (၁၇,၀၀၀) ကနေ (၃၀,၀၀၀) အထိ ထိုင်းနိုင်ငံထဲကိုရောက်ဖို့ ပွဲစားကိုပေးဆောင်ကုန်ကျခဲ့ကြောင်းပြောပါတယ်။ ဘတ်ငွေ (၃၀၀၀၀) သုံးသောင်းဟာ အလွန်များပြားတဲ့ ပမာဏဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် မတ်လ (၂၆)ရက်နေ့ ငွေပေါက်ဈေးအရဆိုရင် မြန်မာကျပ်ငွေ ( ၁,၈၁၈,၀၀၀ – ဆယ့်ရှစ်သိန်းတစ်သောင်းရှစ်ထောင်)ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကအခြေခံအလုပ်သမားများအတွက် တစ်နှစ်စာ လုပ်အားခလောက်ရှိ နေပါတယ်။ ဒီကုန်ကျမှုငွေပမာဏဟာ ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမား ရေးလုပ်ဆောင်နေတဲ့ (၁၀)စုနှစ် (၂)စုကျော် ကြာကာလမှာ တခါမျှမကြားဘူးတဲ့ ငွေပမာဏဖြစ်ပါတယ်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနအနေနဲ့ သူ့နိုင်ငံတွင်း လုပ်သားလိုအပ်ချက်နဲ့ပတ် သတ်လို့ ပြီးခဲ့တဲ့နှစ် (August) လ (၂၂) ရက်နေ့မှာလည်း နိုင်ငံတဝှမ်းလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ လုပ်သားဦးရေ လေးသိန်း နှစ်သောင်းကျော်လိုအပ်နေကြောင်းနဲ့ အဲဒီလိုအပ်တဲ့လုပ်သားဦးရေ ထဲက နှစ်သိန်းခွဲကျော်က မြန်မာအလုပ်သမားတွေဖြစ် ကြောင်းနဲ့ ခေါ်ယူဖို့ပြင်ဆင်နေကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းမီဒီ ယာတွေမှာ ပြောကြားခဲ့ပါတယ်။

လတ်တလော ထိုင်းနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ဟာ လုပ်သားဦးရေ ၈ သိန်းလောက်

ရှိနေပါတယ်။ သုံးလအတွင်းမှာ အလုပ်သမား တစ်သိန်းခွဲကို မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီး ယားကနေ ခေါ်ယူမှာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဘက်က ခေါ်ယူတဲ့အလုပ် သမားတွေကို ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကမ်ချနာ့ဘူရီ၊ တာ့ခ်၊ချင်းရိုင်၊ရနောင်း နယ်စပ် တွေကနေ ခေါ်ယူ မှာဖြစ်တယ်။ ဒီလို ထိုင်းအလုပ်သမားဝန်ကြီးဌာနက (၂၀၂၂)ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထုတ်ပြန်ပြောဆို ချက်တွေဟာ လူပွဲစားတွေအတွက် လူရှာဖို့ အချက်အလက် ကောင်းဖြစ်ပြီး ဒီအချက် အလက်ကို အသုံးချကာ ထိုင်းနိုင်ငံတွင်း အလုပ်ရမယ်ဆိုတဲ့ မက်လုံးပေးပြီး လူခေါ်သွင်းမှုတွေဖြစ်ရတဲ့ အချက်တစ်ခုလို့ သုံးသပ်လို့ရပါတယ်။

အဓိကကျတဲ့အချက်ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအခြေ အနေအောက်ကနေ နောက်ထပ် တိုင်းပြည်အာဏာကို စစ်တပ်က အာဏာသိမ်း လိုက်တာကြောင့် စီးပွားရေးအခြေအနေဟာ ဆိုးဆိုးဝါးဝါးအခြေအနေဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးပြီး အလုပ်လက်မဲ့တွေများလာ တာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို ဝင်ရောက် အလုပ်လုပ်ကိုင်လိုသူတွေ များလာတာဖြစ်ပါတယ်။

ဒီနေရာမှာ အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံကိုထွက်ခွါ အလုပ်လုပ်ကိုင်လိုကြတဲ့ မြန်မာနိုင်ငံ သားများအနေနဲ့ ကိုယ်ထွက်ခွာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံတွေရဲ့ အခြေ အနေနဲ့ လုပ်သားအင်အားလိုအပ်ချက်အရ အလုပ်သမားခေါ်ယူမှုဆိုင်ရာ သတင်းအချက် အလက်တွေကို သေချာ စုံစမ်း မေးမြန်းမှတ်သားထားဖို့ အထူးလိုအပ်ပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေနဲ့ လုံခြုံစိတ်ချရမှုမရှိတော့ တဲ့ အခြေအနေတွေကြောင့်ပဲဖြစ်ဖြစ် မဖြစ်မနေ ထိုင်းနိုင်ငံကိုထွက်ခွာ လာရတော့မယ် ဆိုရင် ထိုင်းနိုင်ငံထဲက သက်ဆိုင်ရာ အလုပ်သမားရေးနဲ့ လူမှု ကယ်ဆယ်ရေးအဖွဲ့အစည်း များရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့ ဖုန်းနံပါတ်တွေကို သေချာစုဆောင်းမှတ်သားထားပြီး ထွက်ခွာလာကြဖို့တိုက်တွန်းလိုပါတယ်။

ဘာကြောင့်လဲဆိုရင် နယ်စပ်ဒေသတွေမှာ ထိုင်းဘက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ဥပဒေတွေနဲ့ တားမြစ်ချက်တွေအောက်မှာ နယ်စပ်လုံခြုံရေးတိုးမြှင့် ချထားကာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ တွေကို စစ်ဆေး ဖမ်းဆီးအရေးယူမှုတွေ နေ့စဉ်လိုလို သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလိုဖမ်းဆီးအရေးယူမှုတွေကြောင့် ကျနော်တို့မြန်မာနိုင်ငံသားတွေအလုပ်လုပ်ဖို့ စွန့်စားထွက်ခွာလာရတဲ့ကိစ္စမအောင်မြင်ဘဲ ပွဲစားကိုပေးရတဲ့ ကိုယ့်ချွေးနည်းစာငွေတွေ ဆုံးရှုံးရသလို ထိုင်းဥပဒေအရ လူလည်းဖမ်းဆီးအရေးယူခြင်းခံကြရပြီး လူ့ဂုဏ်သိက္ခာများလည်း ဆုံးရှုံးကြရပါတယ်၊၊

ဒီလို မိအေး အခါခါနာ ရတဲ့အဖြစ်တွေကနေ မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာဖွေတဲ့ လူငယ်အလုပ်သမားတွေ ကင်းဝေးစေဖို့ သတိထားရမယ့် ရှောင်ရန် ဆောင်ရန်တွေကို တို့ထိမှတ်သား ရေးသားတင်ပြလိုက်ရပါတယ်။

မီဒီယာအဖွဲ့

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

မူရင်းဓါတ်ပုံပိုင်ရှင်နှင့် သတင်းဌာနများကို credit ပေးပါသည်။

About the author

Pyea Phyo Kyaw