မြန်မာအလုပ်သမားတွေ နစ်နာကြေးငွေ ဘတ် (၂၂)သိန်းရရှိ

ရောင်ခြည်ဦး – ဒီဇင်ဘာ ၈၊ ၂၀၂၃

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ထုံထောင်းရပ်ကွက်မှာရှိတဲ့ ရန်မကင်းသိုးမွေးစက်ရုံလို့ လူသိများတဲ့ Royal Knitting Co. Ltd စက်ရုံမှာအလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား (၁၉၅)ဦးအတွက် နစ်နာကြေးငွေ ဘတ် (၂၂)သိန်းကို မဲဆောက်တရားရုံးကနေတဆင့် အလုပ်သမားကိုယ်စားလှယ်တွေ လက်ခံရယူပြီး အလုပ်သမား တဦးချင်းစီအတွက် နစ်နာကြေးငွေတွေကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးမှာ ဒီဇင်ဘာလ (၃)ရက်နေ့က ပေးဆောင်ခဲ့ပါတယ်။

ရရှိခဲ့တဲ့ နစ်နာကြေးငွေ ဘတ် (၂၂)သိန်းကို အလုပ်သမား (၁၉၅)ဦးစလုံးအတွက် အလုပ်သမား တဦးချင်းစီအလိုက် ရရှိမယ့်နစ်နာကြေးငွေကို လုပ်သက်အလိုက်တွက်ချက်ပြီး အလုပ်သမားကိုယ်စားလှယ်တွေအပါအဝင် နစ်နာကြေးရရှိအောင် လိုက်ပါကူညီ ဆောင်ရွက်ပေးတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နဲ့ MAP Foundation က တာဝန်ရှိသူတွေပါ တက်ရောက်ပြီး ပေးဆောင်ခဲ့တာဖြစ်ပါတယ်။

“အခုနစ်နာကြေးငွေ (၂၂)သိန်းက ကျနော်တို့ အလုပ်သမား (၁၉၅)ဦးရရှိမယ့် နစ်နာမှုအတွက် တရားစွဲဆိုထားတဲ့ လုပ်ငန်းရှင်ထဲက တဦးက ပေးလျော်တာကို ပထမဦးဆုံး လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ အလုပ်သမားတဦးကို အများဆုံးက (၁၇,၀၀၀ – တစ်သောင်းခုနှစ်ထောင်ကျော်) ရတဲ့သူတွေရှိသလို အနည်းဆုံး (၅၀၀၀)နီးပါး ရတဲ့ အလုပ်သမားတွေလည်းပါတယ်။ ကျနော်တို့နစ်နာမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ MAPအဖွဲ့နဲ့ ရောင်ခြည်ဦးအဖွဲ့က တာဝန်ရှိသူတွေနဲ့ ရှေ့နေတွေက သေချာတွက်ချက်ပြီးတော့ ကျနော်တို့ အခု အလုပ်သမားတစ်ဦးချင်း ဆီကို သူတို့ ရရှိတဲ့ ငွေပမာဏအတိုင်း ပေးဆောင်တာပါ”လို့ အလုပ်သမားကိုယ်စားလှယ် ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

အကြောင်းမဲ့အလုပ်ပိတ်သိမ်းလိုက်တဲ့ Royal Knitting Co. Ltd စက်ရုံ လုပ်ငန်းရှင်တွေကို နစ်နာသူ မြန်မာအလုပ်သမားတွေဘက်က ထိုင်းအလုပ်သမားဥပဒေအရ တရားစွဲဆို ရင်ဆိုင်ခဲ့တာ (၃)နှစ်ကျော်ကြာခဲ့ပြီးတဲ့နောက် လုပ်ငန်းရှင်တဦးပေးလျော်တဲ့ နစ်နာကြေးငွေ ဘတ် (၂၂)သိန်းကိုရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ နစ်နာကြေးငွေကို လုပ်ငန်းရှင်တဦးတည်းက အောက်တိုဘာလ (၃၀)ရက်နေ့မှာတကြိမ်နဲ့ နိုဝင်ဘာလ (၂၇)မှာတကြိမ် ခွဲပြီးပေးလျော်တဲ့ နစ်နာကြေးငွေဖြစ်တယ်လို့သိရပါတယ်။

Royal Knitting Co. Ltd အမည်နဲ့ ဆယ်စုနှစ် (၂)စုနီးပါးကြားဖွင့်လှစ်ခဲ့တဲ့ သိုး‌‌မွှေးစက်ဆွဲလုပ်ကိုင်နေတဲ့ စက်ရုံကို (၂၀၂၀)ခုနှစ် မတ်လ (၃၀)ရက်နေ့ကပိတ်သိမ်းခဲ့တာဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်ကတည်းက အလုပ်သမားတွေ အတွက် လုပ်ငန်းလုံလောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပဲ စက်ရုံကိုပိတ်သိမ်းဖို့ပြင်ဆင်နေခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းရှင်တွေဘက်က စက်ရုံပိတ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး အလုပ်သမားတွေကို တရားဝင် ကြိုတင် အကြောင်းကြားခြင်းမရှိသလို စက်ရုံလည်ပတ်စဉ်ကလည်း နှစ်ရှည်အလုပ်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတွေအတွက် လုပ်အားခ ပြည့်ပြည့်ဝဝ ပေးဆောင်ခဲ့တာလည်း မရှိခဲ့ပါဘူး။ ဒီလိုအလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို မကျေနပ်လို့ အလုပ်သမားတွေက ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကို ချိတ်ဆက် အကူအညီ တောင်းခံခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ အလုပ်သမားတွေရဲ့ နစ်နာမှုအတွက် MAP Foundation နဲ့ ပူးပေါင်းပြီး ထိုင်းရှေ့နေတွေရဲ့ အကူအညီတွေရယူကာ ထိုင်းဥပဒေအရ အဆင့်ဆင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး Royal Knitting ကုမ္ပဏီအပါအဝင် ကျန် အလုပ်ရှင်နှစ်ဦးရယ် Order ကုမ္ပဏီရယ်ကို တရားစွဲဆို အမှုရင်ဆိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Admin