ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ မေလ၊ ၁ ရက်
မဲဆောက်ရှိ ကျွန်ုပ်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏ ပူးပေါင်း စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၈ ရက်နေ့တွင် အလုပ်သမားနှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ပါသည်။
ကျွန်ုပ်တို့ ရွှေ့ပြောင်းအလုပ်သမားများသည် အခြေခံအားဖြင့် မိမိတို့ ရောက်ရှိလုပ်ကိုင်ရာဒေသ၌ ထိုဒေသ၏ “အခြေခံအဆောက်အဦ”ရှိ လုပ်ငန်းများအပါအဝင် အခြေခံလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက် ရှိကြသည်။
ကျွန်ုပ်တို့ အလုပ်သမားများတွင် ငွေကြေးချို့တဲ့သူများ၊ ပညာရည်နိမ့်ပါးသူများ ပါဝင်ကြသော်လည်း ဒေသတွင်းရှိ လုပ်ငန်းများကို လုပ်ကိုင်ရန် ကျန်းမာရေးနှင့် ကိုယ်ခန္ဓာကောင်းမွန်သည့် ပြည်သူများဖြစ်လျက် ဒေသတွင်း နေထိုင်လုပ်ကိုင်ရန် ဥပဒေအရ လမ်းညွှန်ချက်များ၊ ဒေသတာဝန်ရှိသူများ၏ အစီအစဉ်များ လိုက်နာဆောင်ရွက်ခြင်း၊ ဆောင်ရွက်ရန်အားထုတ်ခြင်းရှိနေသူများ ဖြစ်ကြပါသည်။
ထို့အပြင် ကျွန်ုပ်တို့သည် လက်တွေ့အားဖြင့် မိမိ၏ အလုပ်ခွင် ပိုမိုကောင်းမွန်ရန်နှင့် အလုပ်ရှင် အကျိုးရှိအောင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပြီး အလုပ်ခွင်မှ ပိုမိုအကျိုးဖြစ်ထွန်းလာသည်နှင့်အမျှ ထိုဒေသ (သို့မဟုတ်) နိုင်ငံတော်မှ အခွန်များ ပိုမိုရရှိစေမည့်လုပ်အားများကို ပေးဆပ်လုပ်ကိုင်သူများ ဖြစ်ကြပါသည်။
လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်း (သို့မဟုတ်) လုပ်ငန်းခွင်သာယာခြင်းသည် လုပ်ကိုင်ထုတ်လုပ်မှုတန်ဖိုး ပိုမိုတိုးတက်စေသည်မှာ ပကတိအမှန်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ကျွန်ုပ်တို့၏ အခြေအနေမှာ မရေရာမှုများ၊ စိုးရိမ်ကြောင့်ကျရမှုများ၊ အကြပ်အတည်းစိန်ခေါ်မှုများနှင့် လုံးလည်လိုက်လျက် ရှိသဖြင့် ထုတ်လုပ်မှု ပိုမိုတိုးတက်အောင် စိတ်ရှိသလောက် မလုပ်နိုင်ဖြစ်နေရပြီး ကိုယ်တိုင်လည်း အဆမတန် ရုန်းကန်နေရသည်။
ထို့ကြောင့် အဆိုပါအခြေအနေမှ ရုန်းထွက်လွတ်မြောက်ပြီး ပိုမိုကောင်းမွန်သော အခြေအနေတရပ် ဖန်တီးနိုင်ရန် ဤမဲဆောက်အလုပ်သမားနှီးနှောဖလှယ်ပွဲကို ပြုလုပ်ခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် နှီးနှောဖလှယ်ပွဲတွင် လုပ်ဖော်ကိုင်ဖက်များ၊ အလုပ်သမားအဖွဲ့အစည်းများမှ ရဲဘော်ရဲ ဘက်များစသည်တို့၏ အတွေ့အကြုံများ၊ အခက်အခဲ အကြပ်အတည်းများ၊ စိန်ခေါ်မှုများ၊ လုပ်နည်း လုပ်ဟန်များ၊ နည်းလမ်းများကို ဖွင့်ဟဖလှယ် တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထိုအထဲမှ အောက်ပါ အကြပ် အတည်း၊ စိန်ခေါ်မှုများသည် ကျွန်ုပ်တို့၏ အလုပ်သမားအခွင့်အရေး၊ လုပ်ငန်းခွင်ဆက်ဆံရေးနှင့် လုပ်ငန်းခွင် သာယာရေးကို အဓိကချိုးဖောက်ထိခိုက်စေသည်ဟု ဆုံးဖြတ်မှတ်တမ်းတင်အပ်ပါသည်။
ထိုအကြောင်းအရာများမှာ-
(၁) တရားဝင်သတ်မှတ်ထားသည့် လုပ်အားခကို အမှန်တကယ် မရရှိခြင်း
(၂) အချိန်ပိုကြေးကို တရားဝင်သတ်မှတ်ထားသည့် နှုန်းထားအတိုင်း မရရှိခြင်း
(၃) အလုပ်ရှင်ဘက်မှ အလုပ်ပိတ်သည့်ရက်များအတွက် တရားဝင်သတ်မှတ်ထားသည့် နှုန်းထားအတိုင်း လုပ်အားခ မပေးခြင်း။
(၄) လုပ်ငန်းခွင်တွင်း အလုပ်သမားများချုပ်လုပ်နိုင်သည့်ပမာဏထက်ပို၍ အထည်အရေအတွက် အလွန်အကျွံ တောင်းခံခြင်း၊ အထည်စံချိန်မပြည့်ပါက ပြစ်တင်/ဆဲဆို/ကြိမ်းမောင်းခြင်းနှင့် ဖိအားပေးခိုင်းစေခြင်းများ ပြုလုပ်ခြင်း။
(၅) အလုပ်သမားအကျိုးစီးပွားနှင့်ဆိုင်သည့် စာရွက်စာတမ်းများကို အလုပ်သမားများ နားလည်သည့် ဘာသာစကားနှင့် မထုတ်ပြန်ခြင်း။
(၆) ခန့်အပ်တာဝန် သဘောတူညီထားသော အလုပ်တာဝန်နှင့် မသက်ဆိုင်သည့် အခြားအလုပ်များ ခိုင်းစေခြင်း။
(၇) အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် အာမခံချက်မရှိခြင်း။
(၈) အစိုးရမှတာဝန်ခံ၍ အလုပ်သမားများအားလုံး နားလည်ပြီး ကိုယ်တိုင်လျှောက်ထားနိုင်သည့် လက်မှတ် အထောက်အထားစနစ်များ မရရှိခြင်း။
(၉) အလုပ်သမားမိသားစုဝင်များနှင့်ပတ်သက်သည့် တရားဝင်နေထိုင်ခွင့်ရှိသည့် နောက်ဆက်တွဲ အစီအစဉ်များ ကို စနစ်တကျ ဆောင်ရွက်ပေးမှုမရှိခြင်း။
(၁၀) အလုပ်သမားများ၏ အထောက်အထားလက်မှတ်များကို အလုပ်သမားကိုယ်တိုင် လက်ထဲတွင် ကိုင်ဆောင်ခွင့် မရရှိခြင်း။
(၁၁) ကျန်းမာရေးစောင့်ရှောက်မှုရယူရာတွင် သွားလာရေးအတွက် လုံခြုံမှုမရှိခြင်း။
(၁၂) လူမှုဖူလုံရေးကို အလုပ်သမားတိုင်း ထည့်ဝင်ခွင့် မရရှိခြင်း။
(၁၃) ရွှေ့ပြောင်းအလုပ်သမားများ ထည့်ဝင်ခဲ့သည့် လူမှုဖူလုံရေးထည့်ဝင်ငွေများကို အသုံးပြုနေမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်း။
ထို့အပြင် ကျွန်ုပ်တို့သည် ဤသို့ရွှေ့ပြောင်းလုပ်ကိုင်ရသည့် အဓိကအကြောင်းရင်းမှာ ကျွန်ုပ်တို့ အမိတိုင်းပြည်၏ ပေါ်ပေါက်နေသော အခြေအနေကြောင့်ဖြစ်ရာ ကျွန်ုပ်တို့၏ ကံကြမ္မာသည် ကျွန်ုပ်တို့ တိုင်းပြည်၏ ကံကြမ္မာနှင့် တထပ်တည်းကျလျက်ရှိခြင်းကြောင့် ကျွန်ုပ်တို့သည် ဖော်ပြခဲ့သည့် အကြပ်အတည်းများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်အောင်မြင်ရန်၊ အမိမြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲတွင် လက်လှမ်း မီသည့်နည်းလမ်းဖြင့် မဖြစ်မနေပါဝင်ခြင်း (သို့မဟုတ်) စုပေါင်းဆုံးဖြတ်၍ ပါဝင်ရန် ပထမအကြိမ် မြန်မာရွှေ့ပြောင်းအလုပ်သမားထု နှီးနှောဖလှယ်ပွဲ (မဲဆောက်ဒေသ) က ဆုံးဖြတ်လိုက်သည်။
လက်ရှိ အလုပ်သမားထု ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် အောက်ပါ လုပ်ငန်းစဉ်များကို ချမှတ်လိုက်သည်။
(က) အလုပ်သမားအခွင့်အရေးများ၊ ထိုအခွင့်အရေးများရရှိရေးနည်းလမ်းများအား အလုပ်သမားများသိရှိ အောင် သတင်းပေးခြင်း၊ ဗဟုသုတပေးခြင်း၊ ပညာပေးခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်ခြင်း။
(ခ) နှီးနှောဖလှယ်ပွဲတွင် သဘောတူထားသော တောင်းဆိုချက်များ၊ ဆောင်ရွက်ရမည့် အချက်များကို သွေးစည်းညီညွတ်စွာဖြင့် မဆုတ်မနစ် တွန်းအားပေးလုပ်ဆောင်ခြင်း။
(ဂ) ဥပဒေအရ ရှိပြီးသားအလုပ်သမားအခွင့်အရေးများကို ကျွန်ုပ်တို့ လက်ဝယ်လက်တွေ့ရရန်အားထုတ်ခြင်း။
(ဃ) ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို နိုင်ငံတဝှမ်းရှိ အလုပ်သမားညီအစ်ကိုများ၊ နိုင်ငံတကာရှိ အလုပ်သမား ညီအစ်ကိုများနှင့် ပြည်တွင်းရှိ အလုပ်သမားညီအစ်ကိုများအား အသိပေးမျှဝေခြင်း။
(င) ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို အိုင်အယ်လ်အို (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်)နှင့် နိုင်ငံအသီးသီးမှ အလုပ်သမားအဖွဲ့များသို့ အသိပေးတိုင်တည်ခြင်း စသည်တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။
ဤ နှီးနှောဖလှယ်ပွဲမှ ကျွန်ုပ်တို့၏ တောင်းဆိုချက်များမှာ-
(၁) တရားဝင်သတ်မှတ်ထားသည့် လုပ်အားခကို အမှန်တကယ် ရရန်
(၂) အချိန်ပိုကြေးကို တရားဝင်သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ရရန်။
(၃) အလုပ်ရှင်ဘက်မှ အလုပ်ပိတ်သည့်ရက်များအတွက် တရားဝင်သတ်မှတ်ထားသည့် နှုန်းထားအတိုင်း လုပ်အားခ ပေးရန်။
(၄) လုပ်ငန်းခွင်တွင်း အလုပ်သမားများချုပ်လုပ်နိုင်သည့်ပမာဏထက်ပို၍ အထည်အရေအတွက် အလွန်အကျွံ တောင်းခံခြင်း၊ အထည်စံချိန်မပြည့်ပါက ပြစ်တင်/ဆဲဆို/ကြိမ်းမောင်းခြင်းများ မပြုလုပ်ရန်။
(၅) အလုပ်သမားအကျိုးစီးပွားနှင့်ဆိုင်သည့် စာရွက်စာတမ်းများကို အလုပ်သမားများ နားလည်သည့် ဘာသာစကားနှင့် ထုတ်ရန်။
(၆) ခန့်အပ်တာဝန် သဘောတူညီထားသော အလုပ်တာဝန်နှင့် မသက်ဆိုင်သည့် အခြားအလုပ်များ ခိုင်းစေခြင်း မပြုလုပ်ရန်။
(၇) အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် အလုပ်ရှင်မှ အာမခံပေးရန်။
(၈) အစိုးရမှတာဝန်ခံ၍ အလုပ်သမားများအားလုံး နားလည်ပြီး ကိုယ်တိုင်လျှောက်ထားနိုင်သည့် လက်မှတ် အထောက်အထားစနစ်များ ပြုလုပ်ပေးရန်။
(၉) အလုပ်သမားမိသားစုဝင်များနှင့်ပတ်သက်သည့် တရားဝင်နေထိုင်ခွင့်ရှိသည့် နောက်ဆက်တွဲအစီအစဉ်များ ကို ထိုင်းအစိုးရမှ တာဝန်ခံဆောင်ရွက်ပေးရန်။
(၁၀) အလုပ်သမားများ၏ အထောက်အထားလက်မှတ်များကို အလုပ်သမားကိုယ်တိုင် လက်ထဲတွင် ကိုင်ဆောင်ခွင့်ရရန်။
(၁၁) ကျန်းမာရေးစောင့်ရှောက်မှုရယူရာတွင် သွားလာရေးအတွက် ရပ်ရွာတာဝန်ရှိသူများက ထောက်ခံပေးသည့် စနစ် ပြုလုပ်ပေးရန်။
(၁၂) လူမှုဖူလုံရေးကို အလုပ်သမားတိုင်း ထည့်ဝင်ခွင့်ရရှိရန်။
(၁၃) ရွှေ့ပြောင်းအလုပ်သမားများ ထည့်ဝင်ခဲ့သည့် လူမှုဖူလုံရေးထည့်ဝင်ငွေများနှင့် အခွန်ငွေကို ထိုင်းအစိုးရ အနေဖြင့် အသုံးပြုနေမှုကို ပွင့်လင်းမြင်သာမှုရှိစွာ တင်ပြပြီး ထိုငွေများကို အသုံးပြုမည့် အခန်းကဏ္ဍများ ဆွေးနွေးရာတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားကိုယ်စားပြု အဖွဲ့အစည်းများကို ထည့်သွင်းရန်။
“ အမိမြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲမှာ ပါဝင်ကြ ”
“ အလုပ်သမားလွတ်မြောက်ရေးအတွက် ကိုယ်တိုင်ပါဝင်အားထုတ်ကြ ”
“ အလုပ်သမားထု သွေးစည်းညီညွတ်ကြ ”