ဖန်စီဒန်းဂိုဒေါင် ကုန်တင်ကုန်ချ အလုပ်သမားများ လျော်ကြေးငွေရရှိ

ရောင်ခြည်ဦး၊ ၁၆ ရက် ဒီဇင်ဘာလ ၂၀၂၀ ထိုင်းစံတော်ချိန် (ညနေ ၅ နာရီ ၄၀ မိနစ်)

မဲဆောက်မြို့၊ မယ်တောင်ကျေးရွာ၊ ဖန်စီဒန်းဂိုဒေါင်က ကုန်တင်ကုန်ချအလုပ်သမား ၄၅ဦးအား အလုပ်သမားတရားရုံးရှေ့မှောက်တွင် အလုပ်ရှင်မှ နစ်နာကြေးငွေ စုစုပေါင်း ထိုင်းဘတ်ငွေ (၂,၄၁၄,၉၇၆)ဘတ်ကို ယနေ့လာရောက် ပေးလျော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖန်စီဒန်းဂိုဒေါင် ကုန်တင်ကုန်ချ အလုပ်သမားများကို အလုပ်ရှင်က ယမန်နှစ် ၁၁လပိုင်း ၁ရက်နေ့ ၂၀၁၉ရက်နေ့တွင် အလုပ်မှ အကြောင်းမဲ့ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ အလုပ်ဖြုတ်ခံရသော အလုပ်သမားများသည် အဆိုပါဂိုဒေါင်တွင် နှစ်ရှည်အလုပ်လုပ်ကိုင်လာကြသူများဖြစ်သည်။ ထိုသို့အကြောင်းမဲ့အလုပ်ဖြုတ်ခဲ့သည့်အတွက် ဆဝါဒီကန် (အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံး)ကတဆင့် အလုပ်သမားများရသင့်ရထိုက်သော လုပ်အားခ၊ အကြောင်းမဲ့အလုပ်ထုတ်သည့်အတွက်နစ်နာကြေး၊ ဘတ်ပြန်ကြေးနှင့် ဖြတ်စာလျော်ကြေးငွေတို့ကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဆဝါဒီကန်အမိန့်စာအတိုင်းအလုပ်ရှင်မှ မလိုက်နာသည့်အတွက် အလုပ်သမားတရားရုံးသို့ ယခုနှစ် ၆လပိုင်း ၂၆ရက်နေ့ ၂၀၂၀တွင် တရားစွဲဆိုတိုင်ကြားခဲ့ရာမှ အမှုရင်ဆိုင်အနိုင်ရခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖန်စီဒန်းဂိုဒေါင် အလုပ်သမားများအမှုကို အလုပ်သမားသံအရာရှိကိုဝေလင်းမောင်နှင့်အတူ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ထိုင်းရှေ့နေများအသင်းတို့က ပူးပေါင်းကူညီပေးခဲ့ကြခြင်းဖြစ်သည်။

About the author

Eve Zin