နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်၊ တိုင်းရင်းသားပြည်သူလူထု တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော် ကြိုးပမ်းလုပ်ဆောင်နေမှုများကို ဖျက်ဆီးကာ ရဟန်းရှင်လူကျောင်းသားပြည်သူအများအပြား သေကြေစေခဲ့သည့် စစ်တပ်အာဏာသိမ်းမှု ပြုလုပ်ခဲ့သည်မှာ (၃)နှစ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

စစ်တပ်၏ မတရားအာဏာသိမ်းမှုဖြစ်စဉ်အောက်တွင် ပြည်သူပြည်သား ငါးထောင်ကျော် သေဆုံးခဲ့ပြီးဖြစ်သလို အာဏာသိမ်းမှုနှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူပေါင်း နှစ်သောင်းခွဲကျော်ရှိနေပြီး ထိုအထဲမှ ရှစ်ထောင်ကျော်မှာ ထောင်ဒဏ်များ ကျခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ လက်လှမ်းမီသမျှ ကောက်ယူထားသည့် မှတ်တမ်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင်းမှာ မတရားအာဏာသိမ်းမှုနောက်ပိုင်း လက်ရှိကာလအထိ လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် လုံခြုံစိတ်ချရမှုမရှိတော့သည့်အခြေအနေကြောင့် အထူးသဖြင့် ကျေးလက်ဒေသက တောင်သူလယ်သမားများသည် ထိခိုက်မှု ပြင်းပြင်းထန်ထန် ခံစားရသည်။ ထို့အပြင် ဆောက်လုပ်ရေး၊ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ဆောင်နေကြသည့် အလုပ်သမားများလည်း အလုပ်လက်မဲ့ ဖြစ်နေကြရသည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို လေးစားလိုက်နာကြသည့် နိုင်ငံကြီးများမှ လူသိများပြီး Brand ရှိသည့် အထည်ချုပ်လုပ်ငန်းများ မြန်မာပြည်ကနေ ထွက်ခွာသွားပြီဖြစ်သည်။ ထို့ကြောင့် အာဏာသိမ်းစစ်တပ်နှင့်နီးစပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များက အလုပ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများရှိလာသလို အလုပ်သမားသမဂ္ဂများအနေဖြင့်လည်း ယခင်ကလို ကူညီပေးနိုင်မှုအခြေအနေမရှိတော့သည့်အတွက် အလုပ်သမားများ ဥပဒေ၏အကာအကွယ်ကို လုံးဝ မရသည့် အခြေအနေနှင့် ကြုံနေရသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီသည် ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများထံမှလည်း ဝင်ငွေခွန်ကောက်ယူမည်ဟု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကြေညာစဉ် အခွန်ပေးဆောင်ရမည့်ကာလကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်သတ်မှတ်ကြောင်းနှင့် အခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်တို့ကို သံရုံးများက ပြုလုပ်ပေးမည်ဖြစ်ကြောင်း အခွန်ဆောင်ရန် ဖိအားပေး လုပ်ဆောင်နေသည်။

အလားတူ ဥရောပနိုင်ငံများဖြစ်သည့် ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်၊ အိုင်ယာလန်စသည့် နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထံမှလည်း ဝင်ငွေခွန်ကောက်ယူမည်ဟု စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၂)ရက်နေ့ထုတ် သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။

ပြည်သူကရွေးကောက်တင်မြှောက်ထားသည့် အစိုးရလည်း မဟုတ်သလို ပြည်သူလူထုနှင့် အလုပ်သမားများအပေါ် အကြမ်းဖက်မှုကျူးလွန်နေသည့် မတရားအာဏာသိမ်း စစ်ကောင်စီ၏ ပြည်ပရောက်အလုပ်သမားထံမှ အခွန်ကောက်ခံခြင်းသည် သူ့အာဏာ သက်ဆိုးရှည်စေရေးအတွက် လိုအပ်နေသည့် နိုင်ငံခြားငွေရရှိရန် အကြပ်ကိုင် ငွေတောင်းခံခြင်းပင် ဖြစ်သည်။

သို့ပါ၍ တိုင်းပြည်အာဏာကို (၃)နှစ်ကာလ မတရားသိမ်းယူထားသည့် စစ်ကောင်စီကို ပြုတ်ကျစေရန် လက်နက်ကိုင်တော်လှန်နေသည့် နွေဦးတော်လှန်ရေးကို အလုပ်သမားထုနှင့် ပြည်သူလူထုအပေါင်းက သွေးမအေးပဲ ကျရာနေရာမှ အားပေးဝန်းရံကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Ko Zan