တောင်ယာအလုပ်သမားစကားဝိုင်းပြုလုပ်

ရောင်ခြည်ဦး _ ၁ မတ်လ ၂၀၂၃

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး တောင်ယာအလုပ်သမား ၃၇ ဦးနှင့်အတူ စကားဝိုင်းကို ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့အနီး မယ့်ကိုကင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စကားဝိုင်းတွင် တက်ရောက်လာသည့် တောင်ယာအလုပ်သမားများအတွက် ထိုင်းတောင်ယာအလုပ်သမားဥပဒေပါ အလုပ်ချိန်၊ လုပ်အားခ၊ နားရက်၊ ပိတ်ရက်၊ ခံစားခွင့် ၊ ကလေးအလုပ်သမား၊ အမျိုးသမီးအလုပ်သမား စသည့် အလုပ်သမားများ သိသင့်သော ဥပဒေများ၊ လုပ်ငန်းရှင်က လိုက်နာခြင်းမရှိလျှင် ကျခံရမည့် ပြစ်ဒါဏ်များကို ဆွေးနွေးခဲ့သည်။

စကားဝိုင်းသို့ တက်ရောက်လာသူများသည် မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာကြပြီး တောင်ယာလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသည်၊၊ အဆိုပါအလုပ်သမားအများစုသည် ရာသီအလိုက် ပြောင်းရွှေ့ လုပ်ကိုင်နေရ၍ အလုပ်အကိုင် ပုံမှန်မရှိခြင်း၊ လုပ်ခလစာနည်းနေ၍ ကလေးကျောင်းစရိတ်၊ အိမ်လခ၊ မီတာခများပေးချေရ၍ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် လက်မှတ်အထောက်အထား မပြုလုပ်နိုင်ခြင်း၊ လက်မှတ်အထောက်အထားမရှိ၍ အလုပ်ရှင်၏ မတရားခိုင်းစေခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုများမရှိခြင်း၊ အလုပ်ချိန်အတွင်း ထိခိုက်ဒါဏ်ရာရလျှင် အလုပ်ရှင်မှ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိပဲ မိမိကိုယ်တိုင်ပင် မိမိငွေဖြင့် ဆေးရုံဆေးခန်းသွားရသော ပြဿနာများ ကြုံတွေ့နေကြရကြောင်းဆွေးနွေးကြသည်။

အဆိုပါ စကားဝိုင်းတွင်အမျိုးသမီးများ သိသင့် သိထိုက်သော အမျိုးသမီး လစဥ် ဓမ္မတာလာခြင်းနှင့်ပတ်သက်သည့် ကျန်းမာရေးသိကောင်းစရာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ဓမ္မတာလာချိန်ဖြစ်တတ်သောလက္ခဏာများ၊ဓမ္မတာလာချိန်လွဲမှားသောယူဆချက်များ၊ရာသီထိန်ခြင်း၊ရာသီမမှန်ခြင်းဖြစ်စေသည့်အကြောင်းရင်းများကို ရှင်းလင်း ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂ ပညာရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သိသင့်သိထိုက်သည့် နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေး သင်တန်း၊ ထိုင်းအလုပ်သမားဥပဒေနှင့် မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါသည်။

#YaungChiOoWorkersAssociation

#YCOWA

☎️ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Ko Zan