မိုးကိုနှင်း
ရောင်ခြည်ဦး ၂၂ ဒီဇင်ဘာ ၂၀၂၁
ဒီမနက် သောင်ရင်းမြစ်နဲ့ မလှမ်းမကမ်းက မြန်မာပြည်သားစစ်ဘေးရှောင်တွေရှိတဲ့နေရာ တခုကို ရောက်ခဲ့တယ်။ အပြစ်ကင်းတဲ့ ကလေးငယ်တသိုက် ဆော့ကစားနေတာကိုတွေ့ရတယ်။ ကလေးဆိုတော့ ဆော့ချင်ရှာမှာပေါ့ လွတ်လွတ်လပ်လပ်လည်း နေချင်တာ သဘာဝမဟုတ်လား။ တကယ်ပဲ သူတို့လေးတွေ အပူအပင်ကင်းကင်းရှိကြရဲ့လား။ ဒီမေးခွန်းကို ကိုယ်တိုင် ဖြေကြည့်ဖို့စဉ်းစားရင်း ဒီဇင်ဘာ ဆောင်းမနက်က ရင်ကိုပူလောင်စေတော့တယ်။
စစ်ဘေးရှောင်တွေအတွက် ထမင်းဗူးအလှူရှင်အမျိုးသမီးက ” အစ်မကလေးတွေလား” လို့အမေးကို စစ်ဘေးရှောင်အမျိုးသမီးက ” ဟုတ်တယ် ဒီသုံးယောက်ပေါ့” လို့ လက်ညှိုးလေးထိုးပြီး သူ့ကလေး သုံးယောက်ကို ညွှန်ပြတယ်။ ကျနော်ကြည့်လိုက်တော့ သူ့ကလေးတွေက ၁နှစ်သာသာကတယောက် ၄နှစ်အရွယ်ကတယောက် အကြီးမလေးက ၉နှစ်အရွယ်လောက်ရှိမည်။ သူတို့လေးတွေနောက် ခပ်ရို့ရို့ထိုင်နေတဲ့ အသက် ၆၀ အရွယ်က သူတို့အဖွားတဲ့ ကျနော်လည်း ဒါဆို အဖွားအမျိုးသားရောမပါဘူးလားဆိုတော့ စောစောတုန်းက ဖြေခဲ့တဲ့ ကလေးသုံးယောက်အမေဖြစ်သူကပဲ ” ကျမအဖေက တိုက်ပွဲဖြစ်တဲ့နေ့က ကျမတို့မိသားစုလိုက်ပြေးရင်း လက်နက်ကြီးကျည်ဆံထိလို့ ပေါင်မှာ ဒဏ်ရာရခဲ့တာ ထိုင်းဘက်ခြမ်းကို ပြေးတုန်းကအထိတူတူပဲ လူနာတင်ကားနဲ့ လာခေါ်လို့ပါသွားတာ အခုထိ ဘာအဆက်အသွယ်မှ မရတော့ဘူး အဖေက အသက် ၆၀ ကျော်ပြီ” လို့စကားစကိုရပ် ဘဝအမောကိုရှိုက်လိုက်ရင်း မျက်ဝန်းမှာ သောကထင် ကျနော်မြင်လိုက်တယ် နှာခေါင်းစည်းတပ်ထားတဲ့အပေါ်ဘက်မျက်ဝန်းတစုံမှာ မျက်ရည်တွေ …