ရောင်ခြည်ဦး – စက်တင်ဘာ ၂၆ ၊ ၂၀၂၃
ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး အလုပ်သမား(၇)ဦး၊ အလုပ်သမ(၁၂)ဦးတို့နှင့်အတူ 24-9-2023 ရက်နေ့တွင် မယ်ကုကျေးရွာတွင်း အလုပ်သမားစကားဝိုင်း ပြုလုပ်ခဲ့ကြပါတယ်။
ဘဝတူရွှေ့ပြောင်းအလုပ်သမားအချင်းချင်း စာနာနားလည်ပြီး စည်းလုံးညီညွတ်ကြဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေကို သိရှိနားလည်ပြီး မိမိအခွင့်အရေးကို မိမိတို့ကိုယ်တိုင် တောင်းဆိုတတ်စေဖို့ အသိပညာမျှဝေပြီး အလုပ်သမားတွေနဲ့ အပြန်အလှန်ဆွေးနွေးဖို့ ရည်ရွယ်ပြီး အလုပ်သမားစကားဝိုင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါစကားဝိုင်းတွင် တက်ရောက်လာသော အလုပ်သမားအများစုမှာ တောင်ယာအလုပ်သမားများ ဖြစ်ပြီး စက်ရုံအလုပ်သမားအချို့လည်း ပါဝင်ပါတယ်။
ယခုနှစ်မှာ မိုးပြင်းပြီး သီးနှံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်နေ၍ အလုပ်အကိုင်ရှားပါးနေပါတယ်။ ကျန်ရှိတဲ့ ပြောင်းခင်းတွေထဲက ပြောင်းချိုးတဲ့လုပ်ငန်းခွင်တွေမှာလည်း အလုပ်သမားအင်းအားများပြီး လုပ်ကွက်နည်းနေတဲ့အတွက် လုပ်ငန်းရှင်တွေဘက်က ယခင် တရက်လုပ်အားခ ၁၈၀ဘတ် အစား ၁၀၀ ဘတ် ၁၂၀ဘတ် စတဲ့ လုပ်ခ ဈေးနည်းနည်းပေးချေတာမျိုးတွေကြောင့် အလုပ်သမားတွေကြား အခက်တွေ့နေရတယ်လို့ သိရပါတယ်။
“လုပ်အားခကတော့ တနေ့ကို ၁၈၀ ဘတ်ပဲရတယ်။ လုပ်အားခတိုးပေးဖို့ ပြောမယ့်အချိန်တောင် မရှိဘူး။ အလုပ်သမားတွေက အရမ်းပေါတော့ အလုပ်ရှင်တွေက ဈေးကို နှိမ်ချင်တိုင်းနှိမ်တော့တာပဲ။ ကိုယ်မလုပ်ရင်လည်း လုပ်မယ့်သူက တပုံကြီးဆိုတော့လေ။ ဒီရာသီပဲ အလုပ်ရှိတော့ သူ့ထက်ငါ အလုပ်ရရင်ပြီးရောဆိုပြီး လုပ်သလိုဖြစ်နေတာလို့” အလုပ်သမားတဦးကပြောပါတယ်။
ထိုင်းနိုင်ငံသား အလုပ်သမားကို ခေါ်ရင်တော့ တနေ့ကို ဘတ်၃၀၀ အထက်မှာ အလုပ်ရှင်ဘက်က ပေးရတယ်။ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကိုကျတော့ ၂၀၀ ပြည့်အောင်တောင်မပေးဘူး။ လက်မှတ်အထောက်အထားနဲ့ စာရွက်စာတမ်းကို သူတို့သိမ်းထားပြီး မိတ္တူပဲ ပေးကိုင်ခိုင်းတယ်။ သက်တမ်းတိုးရမယ့်အချိန်ရောက်တော့ သက်တမ်းကို ပေးမဆက်တော့ဘူး။ လုပ်အားခအပြည့်ပေးရမှာစိုးလို့လေ” ဟု အလုပ်သမားလက်မှတ်ရှိခဲ့ပြီး သက်တမ်းတိုးချိန်မှာ သက်တမ်းမတိုးလိုက်ရလို့ အထောက်အထားမဲ့နေတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
ဒေသတွင်းက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားအချို့လည်း စကားဝိုင်းတက်ရောက်လာပါတယ်။ သူတို့ စက်ရုံတွေမှာလည်း အထည်အော်ဒါမရှိလို့် အလုပ်ပိတ်ထားတာ ၂လလောက်ရှိနေတာမို့ စားဝတ်နေရေးအတွက် ရာသီပေါ် ပြောင်းချိုးအငှားလိုက်ပြီး ရပ်တည်နေကြရတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတွင် တရားဝင်သတ်မှတ်ထားတဲ့ တောင်ယာအလုပ်သမားဥပဒေပါ အလုပ်သမားအခွင့်အရေး အချက်အလက်တွေအပါအဝင် အလုပ်သမားအထောက်အထားလက်မှတ်ကိစ္စတွေကို အပြန်အလှန်ဆွေးနွေးခဲ့တဲ့အပြင် အခက်အခဲတွေကို အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီဆောင်ရွက်ရင်း အနာဂတ်မှာ အလုပ်သမားတွေ စုပေါင်းပြီး ဘယ်လိုပုံဖော်ကြမလဲ ဆိုတဲ့ ဆွေးနွေးချက်တွေနဲ့ အတူ စကားဝိုင်းကို ပြုလုပ်ခဲ့ကြပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757