မောင်လွမ်းဏီ
`အဖေ အဖေ ဘညို ဘညို` အိမ်ရှေ့ကွပ်ပစ်၌ ခြေပစ်လက်ပစ် အိပ်မောကျနေသော ကိုညိုဒင်ကို ရွှေဘ လှုပ်နှိုးလိုက်သည်။ ကိုညိုဒင် ကိုယ်ကိုလူးလွန့်၍ တဘက်သို့လှည့်စောင်းသွားပြန်သည်။ ရွှေဘကလည်း ထပ်ပြန်တလဲလဲ လှုပ်၍ နှုတ်ကလည်း ဒရစပ်ခေါ်နေ၏။ အင် ဟု ခပ်တိုးတိုးညည်းတွားရင်း ကိုညိုဒင် ငုတ်တုတ်ထထိုင်လိုက်ကာ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ပြီး လည်ပင်းမှ ချွေးများကို လုံချည်ဖြင့် သုတ် လိုက်၏။ `ဘာလဲ ရွှေဘ၊ ဘာအရေးကြီးလို့လဲ`။ `ဟာ အဖေကလည်း နေစောင်းရင် ငါးတန်းသွားချမယ်ဆို၊ အဖေပဲ မနက်က မှာထားပြီး၊ ခု ဘယ်အချိန်ရှိပြီလဲ ကြည့်အုန်း`။ ကိုညိုဒင် ဘုရားစင်ပေါ်က စားပွဲတင် နာရီဝိုင်းလေးကို ကြည့်လိုက်တော့ လေးနာရီစွန်းနေပြီ။ `အိမ်အောက်က ပွဲ ့လျက်နဲ့ ရေနံချေးပုံး ထုတ်ထား ကွာ။ ငါးတန်းကြိုးနဲ့ငါးစာတွေရော မင်းပြင်ထားပြီးပြီလား`။ `အင်း` ။ ရွှေဘ သူ့အဖေ ခိုင်းသည့်အတိုင်း အမှားအယွင်း ကင်းအောင် ဂရုတစိုက်လုပ်နေသည်။ `ပက်ခွက်လည်းမကောင်းတော့ဘူးကွာ။ အုန်းမှုတ်ခွက် ခပ်ကြီးကြီးတခွက်လောက်လည်းရှာခဲ့၊ မရှိရင် အုန်းခင်တို ့အိမ်သွားယူ။ အုန်းခင်မိန်းမ ထန်းသီးမုန့်လုပ် ရောင်းနေတော့ သူတို ့အိမ်မှာ ရှိနိုင်တယ်`။ ရွှေဘထွက်သွားစဉ် ကိုညိုဒင် အိမ်ပေါ်တက်ပြီး ဆေးပေါ့လိပ် ၄ လိပ်၊ မီးခြစ်နှင့် ကြေးကွမ်းအစ်လေးကို လွယ်အိတ်ထဲ ထည့်၏။ ဘုရားစင်ထောင့်က ဝါးကျည်တောက်ထဲမှ ငွေ ၁၀၀ ကိုလည်း လွယ်အိပ်ထဲ ထိုးထည့်လိုက်ပြန်သည်။ ကိုညိုဒင် အိမ်ရှေ့ထွက်လာတော့ ရွှေဘ အုန်းမှုတ်ခွက် နှစ်ခွက်ကိုင်၍ ဝင်လာသည်။ `မင်းအမေ ဘာမှာသွားသေးလဲ`။ `ဘာမှ မှာမသွားဘူး၊ ထန်းတောစပ်မှာ ငါးကြွေးသွားတောင်းအုန်းမယ်လို့ ပြောတာပဲ`။ `သွားမယ် လာ`။
ကိုညိုဒင်တို ့သားအဖ လမ်းမထိပ်တွင် ကျောင်းဆင်းချိန်နှင့် ပက်ပင်းတိုးသည်။ ရွှေဘ သူငယ်ချင်း သုံးကောင်က ရွှေဘကို ခြေဟန်လက်ဟန် လုပ်ပြကြ၏။ ကိုညိုဒင်နားမလည် မရိပ်မိ၊ မြင်တော့ မြင်လိုက်၏။ ရွှေဘကို အကဲခတ်စွေကြည့်လိုက်တော့ သွားနှင့်ဆိုသည့် လက်ဟန်ပြနေသည်။ ရွှေဘခေါင်းငိုက်စိုက်နှင့် ဖြေးဖြေးမှန်မှန်လျှောက်လိုက်လာသည်။ ဒီကောင်သူ ့သူငယ်ချင်းတွေ ကျောင်းဝတ်စုံတွေနှင့် ကျောင်းကပြန် လာတာတွေ့လိုက်ရလို့ စိတ်မကောင်းဖြစ်သွားသလား ကိုညိုဒင်စဉ်းစားမိသည်။ အို သူပဲ ကျောင်းမတက်ချင် ဘူးပြောတာပဲ၊ ရေးတတ်ဖတ်တတ်နေပြီပဲ။ ဆရာကြီးဦးခိုင်ဆီမှာ အားရင်သူသွားစာအံနေတာပဲလေ။ ကိုညိုဒင် ကွမ်းတယာ ထုတ်ဝါးရင်း လှော်တက်မကြီးကို ညာဘက်ပြောင်းထမ်းလိုက်၏။
မြစ်ကမ်းနဖူးရောက်တော့ သူ့လှေမှောက်ထားသည့် ချောင်းဝကမ်းစပ်ဘေးတွင် ကိုတင်ငွေတို့ သား အဖ တသိုက်နှင့် ဆုံသည်။ ကိုတင်ငွေတို့သားအဖတသိုက် နွားစာမြက်ရိတ်ပြန်လာကြခြင်းဖြစ်၏။ မြစ် အထက်ဘက်ကို အဆန်အတိုင်း ၂ မိုင်လောက်တက်သွားပြီး မြက်ထူသည့်မြေနုကျွန်းပေါ်တက်၍ နေကုန် ရေခမ်း ရိတ်ကြရသည်။ လိုသလောက်ရမှ ရေကြောင်းအတိုင်းပြန်စုန်ဆင်းလာခြဲ့ခြင်းဖြစ်သည်. `ဟကောင် ညိုဒင်ကြီး၊ မတွေ့တာတောင်ကြာပြီ။ မင်း ငါးရော လုပ်သေးလား`။ `ငါက တံငါပဲဥစ္စာ၊ ငါးမလုပ်လို့ ထွေးရီလင်လုပ်ရမှာလား`။ `နောက်ကျသွားပါပြီ ညိုဒင်ရာ၊ စိတ်လျှော့ စိတ်လျှော့၊ ထွေးရီက ခလေးတောင် လေးကောင်ရနေပြီ။ အထီးတွေချည်းမောင်ညိုဒင်၊ အကြီးဆုံးကောင်တောင် ကာလသားပေါက် ဖြစ်နေပြီ မဟုတ်လား၊ တရားနဲ့ဖြေလိုက်ပါညိုဒင်ရာ။ ဟား ဟား ဟား`။ ကိုတင်ငွေ ကိုညိုဒင်ကို တဟားဟား ရယ်မောရင်း နောက်ပြောင်နေသည်။ ထွေးရီက ထနောင်းကုန်း မြေနုကျွန်းရွာသူ။ ကိုင်းတောင်သူသမီး။ သူ့ ရွာတွင် သူ့ ရုပ်ရည်ကလေးနှင့်သူ၊ ကွမ်းတောင်ကိုင်။ မြို့မှာ ကျောင်းလာတက်နေသူ၊ ထနောင်းကုန်း ကိုင်းတောဘက် ကိုတင်ငွေတို ၊့ ကိုညိုဒင်တို့ နွားစာသွား ရိတ်ရင်း တခြား ရွာသားတွေနှင့် ထွေးရီကို အပြိုင်ပိုးခဲ့ကြသည်။ မြို့က ဘကြီးအိမ်မှာနေရင်း ထွေးရီက ကျောင်းတက် သူဆိုတော့ ညဘက် ထွေးညို သီချင်းဖြင့် ထွေးရီ ဘကြီးအိမ်ရှေ့ ကိုတင်ငွေ လူပျိုလှည့်တိုင်း ကိုညိုဒင်တို့၊ အုန်းခင်တို့က လိုက်ရသည်။ ထွေးရီ မိဘတွေက အသောက်အစား လောင်းကစားကင်းပြီး ပျော်ပျော်နေတတ်သည့် ကိုတင်ငွေ့ကို သဘောကျကြသည်။ ကိုတင်ငွေကလည်း လှည်းသမားမျိုးရိုး ဆိုပေမဲ့ ရိုးရိုး သားသား ရှာဖွေစားသောက် ကြသည့် လှည်းသမားမိသားစုမှ ဆင်းသက်လာသူ။ ဘာသာရေးနှင့် ရပ်ရေး ရပ်ရွာရေးကိစ္စများတွင် ရှေ့က ဦးဆောင်ဦးရွတ် လုပ်ကြကိုင်ကြသူတွေ။ ထွေးရီက ရိုးရိုးထုံထုံ၊ ကျောင်းစာလည်း မတော်။ ခြောက်တန်း တခါကျတော့ တင်ငွေနှင့် ကြိုက်စ။ နှစ်ခါဆက်ကျတော့ ကိုတင်ငွေက သူ့ မိဘတွေကို တောင်းခိုင်းပြီး ယူလိုက်သည်။ ကိုတင်ငွေတို့မိသားစုလေးမှာ မကြွယ်ဝသော်လည်း အတော်အသင့် ပြည်စုံသည်။ ထွေးရီ ကလည်း ရိုးထုံသော်လည်း အိမ်မှုကိစ္စကိုတော့ နိုင်နိုင်နင်းနင်းရှိသည်ဟု ပြောရမည်။ အလှူအတန်းဟေ့ ဆိုလျှှင်လည်း မျက်နှာမပျက်တတ်သည့် လင်မယား။ ကိုညိုဒင်တို့၊ ကိုတင်ငွေတို့ က လည်ပင်းဖက် ငယ် ပေါင်းကြီးဖော်တွေလည်းဖြစ်ကြ၍ ပြောမနာဆိုမနာ။ တယောက်အကြောင်း တယောက်သိကြသူချင်း တယောက် အခက်အခဲကို တယောက်က ယိုင်းပင်းကူထောက်စမြဲ။ ကိုညိုဒင်တို့အချုပ်ကျ တရားရင် ဆိုင်နေရစဉ်က တရားရုံးထုတ်တိုင်း ကိုညိုဒင်တို့ကို စီးကရက်လေး၊ ကွမ်းထုပ်လေးများဖြင့် လာလာ အားပေး စကားပြောရှာသည်။ ကိုတင်ငွေတို့ မိသားစုက ကမ်းနားလမ်း ပေါ်တွင်နေသည်။ ကိုညိုဒင်တို့နှင့် တရပ် ကွက်ထဲမဟုတ်။ ကိုညိုဒင်တို့ ငါးလုပ်ချိန် မြစ်ကမ်းဘေး တဲအစီအရီထိုးနေကြပြီဆိုလျှင် ကိုတင်ငွေတို့အိမ် နောက်ဘက်တွင် ဖြစ်သည်။ မြစ်ရေကြီးချိန် ကိုညိုဒင်တို့ကုန်းပေါ်ရှိ အိမ်ကလေးသို ့ပြန်တက်နေသည့်အခါ လှေကို ကိုတင်ငွေတို့ထံ အပ်ထားရသည်။ ကိုတင်ငွေ့အိမ် နောက်ဘက် ချောင်းဝတွင် လှေဆိပ်သဖွယ် တံငါ အလုပ်လုပ်သည့် ကိုညိုဒင်တို ့လူသိုက်၏ လှေကလေးများ ချိတ်ဆက်သီ ဆိုက်ကပ်ထားသည်ကို တွေ့ရမည်။
ကိုတင်ငွေ ့သားအကြီး လူပျိုပေါက်ကောင်က နွားစာလှောင်သည့် အိမ်နောက်ဘက်တင်းကုတ်တွင် ညအိပ်ညနေ နေသည့်အတွက် ဒီကောင်က လှေကလေးများကို ညရေးညတာ စောင့်ကြည့်ပေးရှာသည်။ လှေစောင့်ခ တပြားတချပ်မှလည်း ပေးစရာမလို။ မိတ်ဆွေစိတ်ဖြင့် စောင့်ရှောက်ကူညီကြသည့်လောကဝတ်။ ကိုညိုဒင်တို့အရပ်တွင် လှေခိုးသည်၊ လှေပျောက်သည်ဆိုသည် မရှိ။ လှိုင်းထန်လွန်း၍ ကြိုးပြတ်ကာ လှေ မျောသွားသည်ကို မသိလိုက်ရင်တောင် နောက်နေ့ မြို့အောက်ဘက် တရွာရွာက လှေဆယ်ထားကြောင်း ရွာနီးချုပ်စပ် အကြောင်းကြားလာကြသည်။ လှေပိုင်ရှင်က လာယူ။ ရေအဆုံး ကုန်းတဝက်သဘောမျိုး လှေဆယ်ထားသူကို လှေပိုင်ရှင်က မေတ္တာသဒ္ဒါကြေး ဘယ်ရွေ ဘယ်မျှှမဟုတ် ကျေးဇူးတုန့် ပြန်ကြသည့် သဘာဝ။
ကိုတင်ငွေတို ့သားအဖ နွားစာမြက်ထုံးများထမ်းကာ နွားစာတင်းကုတ်ဆီကို တက်သွားကြ၏။ ကိုညိုဒင် ရရာထင်းခြောက်ကလေးများကောက်၍ မီးဖိုလိုက်သည်။ ရွှေဘထမ်းလာသော ဂုံနီအိတ်ထဲမှ တီတူးသည့် သံတူရွင်းတိုလေးကို ဆွဲထုတ်၍ မီးဖိုထဲထိုးသွင်းလိုက်သည်။ ပွတ်ညက်အနည်းငယ်နှင့် ရေနံချေးပုံးကို ဖွင့်ပြီး အုတ်မှုတ်ခွက်တခုထဲတွင် ထည့်၍ ပယ်ပယ်နယ်နယ် နှယ်နေ၏။ ပွဲ ့လျက်ပျော့လာမှ ဆွဲ၍ဆွဲ၍ လိမ်လိုက်၊ နှယ်လိုက်လုပ်နေ၏။ ကိုညိုဒင် သူ ့စိတ်တိုင်းကျ ပွဲ့လျက်ကို နှယ်ပြီးသောအခါ မီးဖိုထဲမှ မီးဖုတ်ထားသည့် သံတူရွင်းတိုကို ဆွဲထုတ်လိုက်ပြီး လှေစပ်ကြောင်းများကို အပူလိုက်ကပ်သည်။ ခနခန ဒုက္ခပေးနေသည့် ရေယိုသည့် လှေဝမ်းဗိုက်နေရာကို အသေအချာ စေ့စေ့စပ်စပ် သံတူရွင်းတိုဖြင့် အပူကပ် ပေးနေသည်။ လှေတွင်ရှိပြီး ပွတ်ညက်ခြောက်ဖတ်များမှာ မီးအပူနှင့်တွေ့ထိမိပြီး ပျော်အိလာကာ လတ် လတ်ဆတ်ဆတ် လှေထေးလိုက်သကဲ့သို့ပေါက်အာနေသောလှေစပ်ကြောင်းများမှာ ပြန်လည်ပိတ်ဆို့သွား သည်။ သို့ဖြင့် ကိုးတောင်လှေကလေး တလှေလုံး သံတူရွင်းပူကပ်ပြီးမှ စပ်ကြောင်းတချို့တွင် ရေစိမ့်ဝင် ပေါက်ဖြစ်နေသည့် နေရာတို့ ကို လိုက်ကြည့်လိုက်သည်။ ထို့နောက် ကိုညိုဒင် စွက်ကျယ်စုတ်ဟောင်းကို လိုသလောက်ဖြဲကာ လိမ်ကျစ်၍ ပေါက်နေသော လှေစပ်ကြောင်းထဲ ဓားမဦးဖျားဖြင့် ဖွဖွရွရွ ထိုးသွင်း လိုက်၏။ နှယ်ထားသည့်ပွဲ့လျက်ကို တဖဲ့တဖဲ့ယူကာ စပ်ကြောင်းများမှာ ဖာထေးသည်။ လှေရေလုံလောက် ပြီဆိုမှ ရေနံချေးသုတ်ရန် ရွှေဘကို အော်ခေါ်လိုက်၏။ ရွှေဘ ကိုတင်ငွေ့သားအကြီးကောင်အိပ်သည့် နွားစာ တင်းကုတ်မှ အပြေးဆင်းလာသည်။ `ရေနံချေး ရွှဲရွှဲလေးသုတ်ကွာ ရွှေဘ၊ လှေနံတွေလည်း တခါထဲသုတ်၊ နေနည်းနေပြီ၊ ဒါပြီးမှ ငါးတန်းချရမှာ`။ ရွှေဘ စွတ်ကျယ်စုတ်ပိုင်းကို ရေနံချေးပုံးထဲ နှစ်လိုက် လှေကို ခတ်သွက်သွက် သုတ်လိုက်နှင့် ခနအတွင်းမှာပင် လှေတစင်းလုံး ရေနံချေးသုတ်ပြီးသွားသည်။ `တင်ငွေရေ၊ တင်ငွေ တဆိတ်လာစမ်းပါအုန်းဟ၊ လှေ ရေချချင်လို့`။ ကိုတင်ငွေတို့ သားအဖ နှစ်ယောက်နှင့် ကိုညိုဒင်တို့ သားအဖနှစ်ယောက် ကျွန်းသားကိုးတောင်လှေကလေးကို မြစ်ရေထဲ အသာအယာ မ ချ လိုက်ကြသည်။ ကိုညိုဒင် ပစ္စည်းပစ္စရလေးများ သိမ်းဆည်းနေစဉ် ရွှေဘက လှေကပ်များ၊ ငါးတန်းကြိုး၊ ငါးစာပုံး၊ လှော် တက်စသည်တို့ကို လှေဝမ်းထဲတွင် နေသားတကျ ခင်းထားလိုက်သည်။ ကုန်းပေါ်ပြန် တက်ရင်းမှ `မင်း ပြန် ခါနီး အိမ်တချက်ဝင်ခဲ့အုန်း၊ ချဉ်ပေါင်လေး၊ ပဲသီးလေး ယူသွား`။ ကိုတင်ငွေ အော်ပြောသည်ကို ခေါင်း ငြိမ့်ပြလိုက်ရင်း ချောင်းဝစပ်မှ ကျောက်ဆောင်ကွေ ့မြစ်ရေငြိမ်သည့်ရေပြင်ဆီ လှေကို လှော်ထွက်လာ ခဲ့သည်။
× × × × × × ×
တိုက်သစ်ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံက ကိုညိုဒင်တို ့မိသားစုလေးကို ပုတ်နှိုးလိုက် သည်။ ကိုညိုဒင် အိပ်ရာမှ ထလာပြီး ထမင်းစားပွဲလေးပေါ်ရှိ ရေနံဆီမီးခွက်လေးကို မီးညှိလိုက်သည့်အခါ အိမ်ကလေးထဲတွင် ဝါကျင့်ကျင့် မီးရောင်လေးက လူးလွန် ့နေ၏။ နောက်ဖေး စည်ပိုင်းပြတ်ရှိရာမှ ရေလောင်းသံကြားလိုက်ရသည်။ ရွှေဘမျက်နှာသစ်နေပုံရ၏။ အိမ်မှုန်စုံမွှားနှင့် ခြင်ထောင်ကြိုးဖြုတ်ရင်း `ဓာတ်မီးက ဘုရားစင်ပေါ်မှာနော် ကိုညိုဒင်`ဟု မလုံး ကိုညိုဒင်ကို လှမ်းပြောသည်။ ကိုညိုဒင် မျက်နှာကို ရေတချက်နှစ်ချက်ရိုက်၍ မီးသွေးခဲဖြင့် သွားတိုက်လိုက်သည်။ ပုဆိုးစဖြင့် ရေသုတ်လိုက်ပြီး `သား ရွှေဘရေ၊ သွားကြရအောင်`။
လမ်းဓာတ်မီးတိုင်များက မီးမပေးသည်မှာ နှစ်နဲ ့ချီကြာလာပြီဖြစ်၍ လက်နှိပ်ဓာတ်မီးကိုပဲ အားကိုးရ သည်။ ရှေ့က မီးထိုးသွားနေရင်း လက်နှိပ်ဓာတ်မီးရောင်က မှိန်ဖျော့ဖျော့သာ လင်းနေ၏။ ဓာတ်ခဲဝယ်ဖို့ မေ့နေလိုက်တာဟု ကိုညိုဒင်စဉ်းစားမိသည်။ လှေဆိပ်ရောက်တော့ ကိုတင့်ငွေသားကို အသံပြုကာ လှေပေါ် သားအဖနှစ်ယောက် တက်လိုက်ကြသည်။ ကိုညိုဒင်က လှေဦးမှာထိုင်၍ ရွှေဘက ပဲ့ကိုင်လှော်ခတ်လာသည်။ လှော်တက်မကြီးနှင့် ရွှေဘအရွယ်က မမျှ။ သို့ပေမယ့် ရွှေဘ မနိုင်တနိုင်ဖြင့်ပင် လှေကို ကောင်းကောင်း ထိန်းနိုင်လှော်နိုင်နေပြီလေ။ မြစ်ထဲက လှိုင်းရိုက်ခတ်သံလေးများကို ဟိုအဝေး သည်အနားမှ ကြက်တွန်သံတို့ က ကြိုးကြားရံခါ ဖုံးလွှမ်းနေစေသည်။ ကိုညိုဒင် ငါးကြိုးတန်းမှ ချိတ်ထောင်ထားသော ငါးမျှားချိတ်လေး များမှ ငြိတွယ်နေသောငါးတို့ကို အသာအယာဆွဲယူရင်း ငြိနေသည့်ငါးများကိုဖြုတ်၍ လှေဝမ်းထဲသို့ပစ်ပစ်ထည့် လိုက်သည်။ သည်နေ့ သိတ် မဆိုးလှဟု ကိုညိုဒင် ငါးမျှားတန်းကြိုးများကို ဖြုတ်ရင်း ရသည့်ငါးများကို ခန့် မှန်းတွက်ချက်ကြည့်မိသည်။ ငါးဘတ်အကောင်လတ်လတ်တွေပါတော့ စုစုရရ ၂ပိသာခွဲ ၃ပိသာလောက် ေတော့ ရှိနိုင်သည်ဟု စိတ်က အောက်မေ့ရင်း ပင်မငါးတန်းကြိုးကို လက်တောင်ဖြင့် ရစ်၍ရစ်၍ ဖြုတ်လိုက် သည်။ အရုဏ်ကျင်းပြီ။ အလင်းရောင်ပြူစပြုပြီ။ ရွှေဘ လှေကို ခပ်သွက်သွက် ချောင်းဝကမ်းဘက် လှော်ခတ် လာခဲ့သည်။ ချောင်းဝ ရောက်တော့ အမှောင်ပြယ် အလင်းဝင်ရောက်စ။ ` ရွှေဘ သား။ အဖေ တင်ငွေ့တို့ အိမ်မှာ အိမ်သာသွား တက်လိုက်အုန်းမယ်။ မင်း ငါးတွေ ဘာလီချိုင့်ကြီး နှစ်ချိုင့်ထဲ ခွဲထည့်ထား၊ ပေးစမ်းကွာ၊ အဖေ့လွယ်အိပ်။` လွယ်အိတ်ထဲမှ ဆေးပေါ့လိပ်နှင့် မီးခြစ်ကို ကသုတ်ကယက် ဆွဲထုတ်ယူပြီး ကိုညိုဒင် ကိုတင်ငွေတို့အိမ်ဘက် အပြေးတက်သွား၏။
လှေဝမ်းထဲတွင် လှုပ်ခါလူးလိမ့် တိုးဝှေ ့ခုန်ရမ်းနေသည့် အကောင်လတ်လတ် ငါးဘတ်ကြီးများနှင့် ငါးမြွေထိုးကြီးများကို ဘာလီချိုင့်ကြီးတလုံးတွင် ရွှေဘ ကောက်ထည့်လိုက်သည်။ နောက်ချိုင့်တလုံးထဲသို ့ ငါးဇင်ရိုင်းအကောင်လတ်များနှင့် ငါးပြေမများကို ဖြေးဖြေးချင်း ကောက်ထည့်လိုက်၏။ လှေဝမ်း ရေစပ်စပ် ထဲတွင် ငါးပြေမ သုံးကောင်သာ ခုန်လိုက်ပျံလိုက် လူးလိုက်လိမ့်လိုက် ကျန်နေသည်ကို တွေ့ရသည်။ လှုပ်ခါ ခုန်ရမ်းနေသည့် ငါးပြေမ သုံးကောင်ကို ကောက်မထည့်မီ ရွှေဘ တွေတွေငေးငေးကြည့်လိုက်မိသည်။ တလောက ဆရာကြီးဦးခိုင် သင်ကြားပြသပေးသည့် ငါးသုံးကောင်အကြောင်းကို နှုတ်က ရွတ်ဆိုမိသလိုဖြစ် သွား၏။ ဆရာကြီး ရေးပြခိုင်း၍လည်း ကောင်းကောင်းရေးပြနိုင်ခဲ့သည်။ ဆရာကြီးကို သူအလွတ် ရွတ်ဆို ပြခဲ့သည့်အတိုင်း တိုးတိုးဖွဖွ ရေရွတ်ကြည့်နေမိသည်။
`တနေ ့သ၌ ရေတံငါတဦးသည် မြစ်ထဲ၌ ပိုက်ကွန်ဖြင့် ငါးဖမ်းရာ သူ၏ပိုက်ကွန်၌ ငါးသုံးကောင် ငြိတွယ်ဖမ်းဆီးရမိ၏။ ထိုငါးသုံးကောင်ကို လှေဝမ်းထဲတွင် အရှင်လတ်လတ် ပစ်ထည့်ထားလိုက်၏။ ငါးအရှင် သုံးကောင်မှာ ရေစပ်စပ်လှေဝမ်းထဲတွင် ခုန်လိုက်ပျံလိုက် ရမ်းခါတိုးဝှေလိုက်နှင့် လှေစုန်မျောရာ အတိုင်း ပါလာသည်။ ထိုငါးသုံးကောင်ထဲမှ တကောင်သောငါးသည် ဤသို့ တွေးတောစဉ်းစား၏။ ကံဆိုးလို့ တံငါ လက်မှာ အဖမ်းခံရပြီး အသက်သေရတော့မယ်။ ငါကံပေါ့ဆိုပြီး ကံကိုရိုးမယ်ဖွဲ့ကာ လှေဝမ်းထောင့်မှာ မလှုပ် မရှား၊ မခုန်မပျံတော့ပဲ ခွေပြီးနေလိုက်တော့သည်တဲ့။ နောက်ငါးတကောင်ကတော့ ယခုလို စဉ်းစားပြန်၏။ ကံဆိုးလို့တံငါလက်ထဲကိုရောက်သော်ငြား ငါ့မှာ ညာဏ်ရှိ၏။ ငါ့ ညာဏ်ပညာကို အသုံးချပြီး တံငါလက်က လွတ်အောင် ငါရုန်းထွက်ရမည်ဟု ့စိတ်ပိုင်းဖြတ်ပြီး လှေဝမ်းထဲကနေ မြစ်ထဲရေထဲရောက်အောင် တစွေ့စွေ့ ခုန်ခုန်ပြီး ကြိုးစားနေပေသည်။ လှေဝမ်းမှာ မြင့်သဖြင့် အလွယ်တကူ လွတ်အောင်မခုန်နိုင်ပဲရှိရာ နားလိုက်၊ အသက်ရှူလိုက်၊ အမောဖြေလိုက်ဖြင့် လွတ်မြောက်ရေးကို ကြိုးပမ်းနေရှာသည်။ နေမြင့်လာ၍ နေပူရှိန် ကလည်း မီးရှိန်သဖွယ် ပူးပြင်းလာ၏။ တံငါသည်မှာ ကွန်ရုတ်တိုင်း ငါးမပါသည်ချည်း ဖြစ်နေ၍ ဒေါသလည်း တဖြင်းဖြင်း ထွက်နေသည်။ ဝမ်းဗိုက်ကလည်း ဆာလောင်မှုကြောင့် တကျုတ်ကျုတ် အော်မြည် တောက် လောင်နေပြန်သည်။ လှေဝမ်းထဲမှ ဂဏာမငြိမ် ခုန်ပျံလှုပ်ရှားနေသောငါးကိုကြည့်ကာ ဒေါသပိုထွက်လာ ပြန်သည်။ သို့နှင့် လှော်တက်ဖြင့် ငါး၏ခေါင်းကို သေချာချိန်ရွယ်၍ ရိုက်ချလိုက်၏။ ငါးသည် ဦးခေါင်းကွဲကာ သေပွဲဝင်ရှာရသည်။ ကျန်ငါးတကောင်ကမူ သွေးစက်လက်ဖြင့် သေပွဲဝင်သွားသောငါးနှင့် လှေဝမ်းထဲတွင် သေချိန့်စောင့်နေသောငါးတို့ကို ကြည့်၍ ပိုင်းခြားဝေဖန် သုံးသပ် စဉ်းစားနေ၏။ ကံဆိုးမိုးမှောင်ကျ၍ တံငါ သည် မုဆိုးလက်တွင်း သက်ဆင်းရသည်။ ညာဏ်ပညာအမြှော်အမြင်ရှိသော်လည်း လုံ ့လဝီရိယတို့ကို အချည်းနှီး ဖြုန်းတီး၍ သေလွန်ရသည်။ သို့အတွက် ငါအသို ့ကြံဆောင်သင့်သနည်းဟု မေးခွန်းထုတ်ရင်း လှေဝမ်းထဲ၌ ငြိမ်ဆိတ်ကာ အကြံထုတ်နေလေသည်။ တံငါသည် ကွန်ပစ်တိုင်း လှေသည်လူးခါသွား၏။ လှေနံသည် ကွန်ပစ်သည့်ဘက်သို့စောင်းရွဲ့သွား၏။ လှေနံနှင့် ရေပြင်သည်ထိလုခမန်း ညီမျှသွား၏။ ထိုချင်း ရာများကိုကြည့်၍ သုံးကောင်မြောက်ငါးသည် အခွင့်အရေးကို ကြံစည်အားထုတ်ကာ ချောင်းမြောင်းနေလေ သည်။ ထိုအခိုက် တံငါသည်သည်လည်း ပုခုံးပေါ် ထမ်းတင်ထားသည့် ပိုက်ကွန်ကို ဆကာမြှောက်ကာ မြစ်တွင်းသို့ပစ်ချ လိုက်လေသည်။ ထိုရောအခါ လှေသည်စောင်း၍သွား၏။ လှေနံသည် ရေမျက်နှာပြင်နှင့် ကြမ်းတပြေးညီ ဖြစ်သွား၏။ ငါးသည် ရှိသမျှ ခွန်အားကိုသုံး၍ မြစ်ထဲသို့ခုန်ပျံဆင်းသက်လိုက်ရာ တံငါလက်မှ လွတ်မြောက်သွားလေတော့သည်။ တံငါသည်သည် ငါးလွတ်သွား၍ ဒေသပိုထွက်သွားကာ လှေဝမ်း၌ ခွေကပ်နေသော ငါးကိုပါ လှော်တက်ဖြ်င့် ရိုက်သတ်လိုက်ပြန်လေသည်။
ထိုစာ ဆရာကြီးကို ဖတ်ရွတ်ပြစဉ်က ဆရာကြီး ဆုံးမပြောကြားလိုက်သည့်စကားကို ရွှေဘ ထပ်မံ ကြားယောင်မိပြန်သည်။
` အဲဒါပဲ၊ မောင်ရွှေဘ၊ လူဆိုတာ ကံ ညာဏ် ဝီရိယကို မျှတအောင် ဆင်ခြင်းအသုံးပြုနိုင်ရမယ်ကွ။ ကံကိုချည်း ယိုးမယ်ဖွဲ့ပုံချလို့မရသလို၊ ညာဏ်ရှိတိုင်းလည်း ဝိရိ.ယစိုက်ထုတ်နိုင်မှ အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာ ငါ့တပည့် သေအောင်မှတ်ပေတော့။`
မောင်လွမ်းဏီ
၇-၇-၂၀၁၀