ရောင်ခြည်ဦး၊ ၂၉ ရက် ဒီဇင်ဘာလ ၂၀၂၀ (ထိုင်းစံတော်ချိန် ညနေ ၄ နာရီ ၂၅ မိနစ်)
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၊ ချန်ပီယံစက်ရုံ အလုပ်သမားတွေက မဲဆောက်မြို့၊ ထုံထောင်းရပ်ကွက်အတွင်းမှာရှိတဲ့ အလုပ်ပိတ်သိမ်းသွားလို့ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ရန်မကင်းစက်ရုံ (Royal Kitting Co.,ltd) က အလုပ်သမား (၁၀၀) ဦးအတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စားနပ်ရိက္ခာ လှူဒါန်းခဲ့ပါတယ်။
ချန်ပီယံစက်ရုံ အလုပ်သမားတွေအနေနဲ့ ရန်မကင်းစက်ရုံ အလုပ်သမားတွေထဲက အလုပ်အကိုင် အခက်အခဲနဲ့ ကြုံနေရတဲ့ အလုပ်သမား (၁၀၀) ဦးအတွက် ဆီနဲ့ အသင့်စား ခေါက်ဆွဲခြောက်ထုတ်တွေကိုလှူဒါန်း ကူညီခဲ့တာ ဖြစ်ပါတယ်။
“ဘဝတူအလုပ်သမားအချင်းချင်း သွေးစည်းညီညွတ်မှုကိုပြတဲ့အနေနဲ့ အခက်အခဲရှိနေတဲ့ အလုပ်သမား တွေအတွက် ကူညီထောက်ပံ့တဲ့အလှူကိုပြုလုပ်တာ ပိုပြီး အကျိုးရှိတာမို့ ကျေးနပ်စရာ ကောင်းတယ်လို့” စုပေါင်းအလှူရှင်ထဲမှာပါတဲ့ ချန်ပီယံ အလုပ်သမား တဦးက ပြောပါတယ်။
ချန်ပီယံစက်ရုံမှာ နိုဝင်ဘာလ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုမှာ အလုပ်သမားတွေဘက်က ပူးပေါင်းကူညီ ဖြေရှင်းဆောင်ရွက် ပေးခဲ့တဲ့ ရောင်ခြည်းဦးအလုပ်သမား များအဖွဲ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ ချန်ပီယံစက်ရုံ အလုပ်သမားတွေက ရောင်ခြည်ဦးအလုပ်သမား ရန်ပုံငွေထဲကို ဘတ်ငွေ (၅၀၀၀) ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ လာရောက်လှူဒါန်းခဲ့ရာမှာ
အဆိုပါ လှူဒါန်းတဲ့ ဘတ်ငွေ (၅၀၀၀) ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တာဝန်ရှိသူများအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် အလုပ်ပိတ်သိမ်းလို့ အလုပ်ရှင်အလုပ်သမား အမှုရင်ဆိုင်နေရတဲ့ ရန်မကင်းစက်ရုံအလုပ်သမားများထဲမှ အလုပ်အကိုင်အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ အလုပ်သမားတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ လှူဒါန်းပေးဖို့ အကြံပြုမှုအပေါ်သဘောတူညီကာ လှူဒါန်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ချန်ပီယံစက်ရုံမှာ နိုဝင်ဘာလ (၂၄)ရက်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် စက်ရုံအပြင်မှာ နေထိုင်တဲ့ အလုပ်သမားတွေ စက်ရုံထဲ အလုပ်ဝင်ရောက်လုပ်ကိုင်ခွင့်မပြုတဲ့အတွက် အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြစ်ပွားခဲ့တဲ့ရက်ကို အလုပ်ပိတ်ပေးခဲ့ပါတယ်။ အဲ့ဒီတရက်စာ လုပ်အားခကို စက်ရုံပြင်ပက အလုပ်ဆင်းတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် အတွက် လစာထုတ်ချိန်မှာ ထည့်သွင်းတွက် ချက်ပေးခဲ့ပါတယ်။
ပိတ်ရက်ခံစားခွင့်ရတဲ့ စက်ရုံအပြင်မှာနေထိုင်တဲ့ အလုပ်သမား ၁၀၀ ကျော်က စက်ရုံတွင်းနေထိုင်တဲ့ အလုပ်သမားတွေကြား စိတ်ဝမ်းကွဲမှုမဖြစ်ရအောင် လုပ်အားခ တရက်စာကို စုပြီး နှစ်သစ်ကူး အလုပ်ပိတ်ရက် ပျော်ပွဲရွှင်ပွဲနဲ့ စုပေါင်း ချက်ပြုတ်စားသောက်ကြမဲ့အစီအစဉ်များလည်း ပြုလုပ်ခဲ့ ပါတယ်။