ရောင်ခြည်ဦး ၂၄ ဒီဇင်ဘာ ၂၀၂၁
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိန်းချုပ်ဒေသတွင်းရောက်ရှိနေတဲ့ CDM ဝန်ထမ်းများ၊ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့တဲ့ GZ များအပါအဝင် သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေအတွက် လူသားချင်းစာနာမှု အထောက်အပံ့အဖြစ် ထိုင်းဘတ်ငွေ (၁၀.၀၀၀) ကို တပ်မဟာ၆ တပ်ရင်း ၂၀၁ တပ်ရင်းမှူးထံ ဒီဇင်ဘာလ ၁၉ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ ဒီလို မတရားအာဏာသိမ်းမှုကြောင့် နိုင်ငံဝန်ထမ်းတွေCDM ပြုလုပ်ဆန့်ကျင်ကြသလို လူငယ်မျိုးဆက်များနဲ့ ပြည်သူတွေကလည်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုက CDMဝန်ထမ်းနဲ့ ဆန္ဒပြသူတွေကို သေနတ်နဲ့ ဦးခေါင်းကိုချိန်ပြီးပစ်ခတ်သတ်ဖြတ်ခဲ့သလို ဖမ်းဆီးထောင်ချ မှုပြုလုပ်ကာ နှိမ်နင်းခဲ့ပါတယ်။ စစ်အုပ်စုရဲ့အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေထဲ တိမ်းရှောင်လာခဲ့ကြရပါတယ်။
အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်မှုတွေအောက်က တိမ်းရှောင်လာသူတွေကို လူသားချင်းစာနာမှု့နဲ့ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်မြို့သစ်နဲ့ နေရာအချို့မှာ ခိုလှုံကြရပါတယ်။ လူသားချင်းစာနာမှုနဲ့ လေးကေ့ကော်မြို့သစ်တွင်း ခိုလှုံနေသူတွေကို စစ်အုပ်စုဘက်က လက်နက်နဲ့ လူအင်အားသုံးပြီးဝင်ရောက်ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် ကေအဲန်ယူ တပ်မဟာ၆ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒီဇင်ဘာလ ဒုတိယအပတ်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်လို့ လေးကေ့ကော်မြို့သစ်နဲ့ အနီးဝန်းကျင်ရွာတွေက ဒေသခံပြည်သူ တစ်သောင်းနီးပါဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတာ ဒီဇင်ဘာလ ၂၄ရက်နေ့အထိဖြစ်ပါတယ်။
ကေအဲန်ယူ တပ်မဟာ၆ ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စုတပ်နဲ့ ကေအဲန်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေနဲ့ စစ်ရေးတင်မာမှုတွေကြောင့် ဒေသခံပြည်သူတွေအပါအဝင် ခိုလှုံလာသူတွေဟာ စားရေးရိက္ခာနဲ့ နေထိုင်စရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရလို့ လူသားချင်းစာနာမှု အထောက်အပံ့တွေ လိုအပ်လျက်ရှိကြောင်းစုံစမ်းသိရပါတယ်။
– (+66) 0869382757
Viber (+66) 0869382757