အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄ ဦး နစ်နာကြေး ဘတ် ၂၂၀,၀၀၀ ရရှိ

ရောင်ခြည်ဦး – အောက်တိုဘာ ၂၀၊ ၂၀၂၃

အထည်ချုပ်အိပ်စက်ရုံမှာ အလုပ်လုပ်နေစဉ် လုပ်ငန်းရှင်က အကြောင်းမဲ့ အလုပ်ထုတ်လိုက်တဲ့ အလုပ်သမား (၄)ဦး နစ်နာမှုအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာနက အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဘတ်နှစ်သိန်းနှစ်သောင်း ရရှိအောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဝါးစကင်းကျေးရွာ(မြန်မာအခေါ်)ရှိ အိမ်ရုံ အထည်ချုပ်လုပ်ငန်းမှာ မြန်မာ အလုပ်သမား (၇၀)လောက် အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အဲဒီအလုပ်သမားတွေထဲက (၄)ဦးကို လုပ်ငန်းရှင်က ကြိုတင်အကြောင်းမကြားပဲ အလုပ်ထုတ်ခဲ့တာကြောင့် ကြိုတင်အကြောင်းမကြားခနဲ့ လုပ်သက် နစ်နာကြေးတွေအတွက် ဆဝါဒီကန်ရုံး (အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံး)မှာ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေ့ဆုံပြီး လုပ်ငန်းရှင်ဘက်က အောက်တိုဘာလ ၁၈ရက်နေ့မှာ နစ်နာကြေးငွေ ပေးလျော်ခဲ့ရတာဖြစ်ပါတယ်။

ဒီအလုပ်သမားအမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာန တာဝန် ရှိသူက “လုပ်ငန်းခွင်ထဲမှာ အလုပ်ချိန်အပါအဝင် အလုပ်ခွဲဝေမှုနဲ့ ဖိအားပေးခိုင်းစေခံရတဲ့ အခြေအနေကို လုပ်ငန်းရှင်ထံ ညှိနှိုင်းပြောဆိုတာကို လုပ်ငန်းရှင်ဘက်က လက်မခံပဲ အဲဒီနေ့ ၈လပိုင်း ၂၂ ရက်နေ့မှာ အလုပ်သမား ၄ဦးကို အလုပ်ကနေထုတ်လိုက်တာ အဲဒီတော့ အလုပ်သမား ၄ဦးက (၂၃.၈.၂၀၂၃) ရက်နေ့မှာ ကျမတို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကိုလာပြီး အကူအညီတောင်းခံလာတဲ့အတွက် ထိုင်းဥပဒေအရ ဘယ်လိုဖြေရှင်း ဆောင်ရွက်လို့ရတယ်ဆိုတာကို ရှင်းပြပေးခဲ့ပြီး Labour Law Clinic – LLC (အလုပ်သမားရှေ့နေရုံး) ကနေတဆင့် ဆဝါဒီကန်ရုံးကို တိုင်းကြားလို့ လုပ်ငန်းရှင် ဘက်က အလုပ်သမားတွေရဲ့ နစ်နာကြေး စုစုပေါင်းဘတ် (၂၂၀,၀၀၀)ကို ပေးလျော်ခဲ့ရတာ”လို့ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားရေးအတွက် နှစ်ပေါင်း (၂၅) နီးပါးကြာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံရမှုနဲ့ အလုပ်သမားနစ်နာမှုတွေအတွက် ထိုင်းဥပဒေလမ်းကြောင်းကနေ လိုက်ပါဆောင်ရွက်နေသလို အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းမှုဆိုင်ရာ သိကောင်းစရာနဲ့ လတ်တလော မြန်မာနိုင်ငံရေးနဲ့ အလုပ်သမားတွေရဲ့ အ‌ခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးပြုလုပ်တဲ့ အလုပ်သမား စကားဝိုင်းတွေအပြင် အလုပ်သမား သင်တန်းတွေလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Admin