ရောင်ခြည်ဦး၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အမျိုးသမီးယူနစ်မှ ဦးဆောင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ပရှိ အိမ်စက်ရုံတရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အလုပ်သမား အမျိုးသမီး ၃၁ ဦးနှင့် အမျိုးသား ၂ ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်။
“လူမှုဘဝနဲ့ နိုင်ငံ့အရေးအရာတွေမှာ အမျိုးသမီးတွေရဲ့ အရေးပါပုံ အခန်းကဏ္ဍတွေကို သိရှိနားလည်စေဖို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အသိပညာမျှဝေဖို့၊ အကြမ်းဖက်မှုတွေ လျော့နည်းပပျောက်အောင် ပူးပေါင်းလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ မျှဝေဖို့၊ အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ ခွန်အားဖြစ်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအခမ်းအနားကို ပြုလုပ်ရတာ ဖြစ်ပါတယ်”လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အမျိုးသမီးယူနစ်က ပြောပါတယ်။
ဒီအခမ်းအနားမှာ ၁၆ ရက်တာ လှုပ်ရှားမှု သမိုင်းကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အမျိုးအစားတွေအပြင် လူမှုဘဝနဲ့ နိုင်ငံ့အရေးအရာတွေမှာ အမျိုးသမီးတွေက အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ တက်ရောက်လာတဲ့ အမျိုးသမီးတွေကလည်း သူတို့ရဲ့ အကြမ်းဖက်ခံရမှုအတွေ့အကြုံတွေကို အပြန်အလှန်မျှဝေခဲ့ကြပါတယ်။
ကမ္ဘာတဝှမ်းက အမျိုးသမီးတွေလိုပဲ အလုပ်သမားအမျိုးသမီးတွေကလည်း “အကြမ်းဖက်မှုတွေကို လက်မခံပါဘူး၊ ကိုယ့်ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ မရှိရအောင် အားလုံးဝိုင်းဝန်း ပံ့ပိုးကြပါမယ်”ဆိုတာကို အများပြည်သူ သိစေနိုင်ဖို့အတွက် ဖဲကြိုးဖြူများကို ကိုယ်စီ ရင်ဘတ်မှာ တပ်ဆင်ပြီး “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင်ပံ့ပိုးစို့” ဆိုတဲ့ စာသားကို ကိုင်ဆောင်ကာ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber – (+66) 0869382757