အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှု အခမ်းအနားပြုလုပ်

ရောင်ခြည်ဦး _ ၅ ဒီဇင်ဘာ ၂၀၂၂

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေကို ပူးပေါင်းတိုက်ဖျက်ကြဖို့ လှုပ်ရှားမှုတရပ်ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ Women Unit က ဦးဆောင်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ Women Unit က “အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းပါဝင်ပေး” ဆိုတဲ့ဆောင်ပုဒ်နဲ့ ၁၆ရက်ကြာလှုပ်ရှားမှုတွေကို ဖဲကြိုးဖြူကို ရင်ဘက်မှာထိုးချိတ်တဲ့လှုပ်ရှားမှုအပါအဝင် ပုံစံမျိုးစံနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြား ပြုလုပ်နေတာဖြစ်ပါတယ်။

စုပေါင်းအားကောင်းတဲ့ အမျိုးသမီးရေးလှုပ်ရှားမှုပုံစံဖြစ်လာနိုင်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာနဲ့ပတ်သက်လို Woman Unit တာဝန်ခံက “ကျမတို့ အလုပ်သမားအမျိုးသမီးတွေအနေနဲ့လည်း “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို လက်မခံပါဘူး၊ ကိုယ့်ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ မရှိရအောင် အားလုံး ဝိုင်းဝန်းကာကွယ်ကြပါမယ်”ဆိုတာကို အများပြည်သူ သိစေနိုင်ဖို့အတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဓာတ်ပုံကမ်ပိန်းတစ်ခုကို နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ၁၆ရက်တာလှုပ်ရှားမှု အခမ်းအနားမှာတော့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှုသမိုင်းကြောင်းနဲ့ ၁၆ရက်တာလှုပ်ရှားမှု အထင်ကရနေ့ရက်တွေဖြစ်တဲ့ နိုဝင်ဘာ ၂၅ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့၊ နိုဝင်ဘာ ၂၉ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့၊ ဒီဇင်ဘာလ ၁ရက် ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့၊ ဒီဇင်ဘာ ၃ရက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၊ ဒီဇင်ဘာ ၆ရက် မွန်ထရီမြို့ လူသတ်ပွဲ နှစ်ပတ်လည်နေ့ စတဲ့ အကြောင်းအရာတွေကို လူအများသိရှိအောင် ဆွေးနွေးပြီး အမေးအဖြေပြုလုပ်ပြီး ဆုချီးမြှင့်တဲ့အစီအစဉ်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကာတာတွေ ဖမ်းဆီး သတ်ပြစ်တာတွေ အများအပြားကျူးလွန်ခဲ့ပေမယ့် ဖော်ထုတ်အရေးယူဆောင်ရွက်တာမျိုးမရှိသလို ကျူးလွန်ခံရတဲ့သူတွေရဲ့နစ်နာဆုံးရှုံးမှုတွေအတွက်လည်း တရားမျှတမှု၊ တာဝန်ယူမှုတွေလည်းအပြည့်အဝမရှိခဲ့ပါဘူး။ ဒီလိုအကြမ်းဖက်မှုတွေဟာ လက်ရှိကာလမှာလည်း ကျူးလွန်နေတုန်းပါပဲ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြား သေဆုံးခဲ့ရသူ အမျိုးသမီး ၃၀၀ကျော်ရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ နိုဝင်ဘာလ ၂၃ရက်နေ့မှာ ကျင်းပတဲ့ဆွေးနွေးပွဲမှာ ၁နာရီတိုင်းမှာ အမျိုးသမီးဒါမှမဟုတ် မိန်းကလေးငယ်၅ ယောက်ကျော် သတ်ဖြတ်ခံနေရတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုဟာ ကာကွယ်လို့ရတာတင်မဟုတ်ဘဲ ချက်ချင်းကိုပဲကာကွယ်ပေးရမှာဖြစ်တယ်လို့ဆွေးနွေးပြောဆိုထားပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎️ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Ko Zan