အပတ်စဉ်ပိတ်ရက်မှာ အလုပ်လုပ်ရမယ်ဆိုရင် လုပ်အားခ ဘယ်လောက်ရသင့်သလဲ???

ရောင်ခြည်ဦး၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

ဒီတပတ်မှာတော့ အပတ်စဉ်အလုပ်ပိတ်ရက်မှာ အလုပ်လုပ်ရမယ်ဆိုရင် လုပ်အားခ ဘယ်လောက်ရသင့်တယ်ဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေအရ တပတ်လျှင် အနည်းဆုံးတစ်ရက်ကို အပတ်စဉ်အလုပ်ပိတ်ရက်အဖြစ် အလုပ်ရှင်က သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်နေ့ကို အပတ်စဉ်အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်မယ်ဆိုတာကိုတော့ အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ ကြိုတင်သဘောတူညီမှု ရယူထားရမှာဖြစ်ပါတယ်။

ဟိုတယ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊ သစ်တောဌာနလုပ်ငန်း၊ လူသူဝေးလံတဲ့နေရာတွေမှာ လုပ်ရတဲ့အလုပ် စတဲ့ အလုပ်တွေမှာတော့ အပတ်စဉ်အလိုက်ပိတ်ရက်ကို ပုံမှန်မယူပဲ နောက်မှစုပေါင်းယူဖို့အတွက် အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ ကြိုတင်သဘောတူညီမှု ရယူထားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အပတ်စဉ်အလိုက်ပိတ်ရက်ကို စုပေါင်းယူမယ်ဆိုရင်တော့ အလုပ်ဆင်းတဲ့ ရက်သတ္တပတ် ၄ ပတ်အပြီးမှာ စုပေါင်းယူရမှာ ဖြစ်ပါတယ်။

အပတ်စဉ်အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ရက်မှာ အလုပ်ရှင်က အလုပ်ခိုင်းစေမယ်ဆိုရင် ပုံမှန်အလုပ်လုပ်ရက်မှာပေးတဲ့ တစ်နာရီစာလုပ်အားခရဲ့ ၂ ဆနှုန်းနဲ့တွက်ချက်ပြီး ပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ အလုပ်သမားတစ်ဦးကို အလုပ်ရှင်က အပတ်စဉ်အလုပ်ပိတ်ရက်မှာ ၈နာရီကြာ အလုပ်ခိုင်းစေမယ်ဆိုရင် လုပ်အားခအဖြစ် ၆၉၀ ဘတ် ပေးရမှာဖြစ်ပြီး ဘန်ကောက်မြို့မှာဆိုရင်‌တော့ ၇၂၆ ဘတ် ပေးရမှာ ဖြစ်ပါတယ်။

ကိုယ်ချုပ်သလောက် ကိုယ်ရတယ်ဆိုတဲ့ အထည်ကောက်စနစ်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေမှာလည်း အပတ်စဉ်အလုပ်ပိတ်ရက်မှာ အလုပ်ခိုင်းစေမယ်ဆိုရင် ပုံမှန်အလုပ်လုပ်ရက်မှာပေးတဲ့ အထည်ကောက် လုပ်အားခနှုန်းထားရဲ့ ၂ဆနှုန်းနဲ့တွက်ချက်ပြီး အလုပ်ရှင်က ပေးရမှာဖြစ်ပါတယ်။

အပတ်စဉ်အလုပ်ပိတ်ရက်မှာ ၈ နာရီထက်ပိုပြီး ခိုင်းစေမယ်ဆိုရင်တော့ အချိန်ပိုတစ်နာရီစာအတွက် ပုံမှန်အလုပ်ချိန် တစ်နာရီစာလုပ်အားခရဲ့ ၃ ဆနှုန်းနဲ့ တွက်ချက်ပြီး ပေးရမှာ ဖြစ်ပါတယ်။

သင့်အလုပ်မှာရော အပတ်စဉ်အလုပ်ပိတ်ရက် ရှိပါသလား။ ပိတ်ရက်မှာ အလုပ်လုပ်ရတဲ့အခါ လုပ်အားခ ဘယ်လောက် ရတယ်ဆိုတာကို comment မှာ ပြောပေးကြပါဦး…

နောက်တပတ်မှာတော့ နေမကောင်းလို့ခွင့်ယူတဲ့အခါ သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#LabourLaw

#YCOWA

☎ – (+66) 0869382757

Viber – (+66) 0869382757

About the author

Eve Zin