ထိုင်းနိုင်ငံမှာ ခရိုင်တစ်ခုချင်းစီအလိုက် တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခတွေ မတူညီကြပါဘူး။ ဖူးခက်မှာ တစ်ရက်တာအနိမ့်ဆုံးလုပ်အားခ ၃၇၀ ဘတ်၊ ဘန်ကောက်မှာ ၃၆၃ ဘတ်၊ ရနောင်းနဲ့ ချောင်ဘူရီမှာ ၃၆၁ ဘတ်၊ တာ့ခရိုင်မှာ ၃၄၅ ဘတ် စသဖြင့် အနည်းဆုံး ၃၃၀ ဘတ်မှ အများဆုံး ၃၇၀ ဘတ်အထိ ခရိုင်အလိုက် သတ်မှတ်ထားပါတယ်။
ဒီလိုသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခဟာ တစ်ရက်လျှင် ၈ နာရီစာ အလုပ်လုပ်ချိန်အတွက် ပေးရမယ့် အနိမ့်ဆုံးလုပ်အားခ ဖြစ်ပါတယ်။ အလုပ်ရှင်က အလုပ်သမားတစ်ဦးကို တစ်ရက်လျှင် ၈နာရီထက် ပိုပြီး အလုပ်ခိုင်းမယ်ဆိုရင် အချိန်ပိုကြေး ထပ်ပေးရမှာဖြစ်ပါတယ်။
အချိန်ပိုကြေးတွက်ချက်ရာမှာ အချိန်ပိုတစ်နာရီစာအတွက် ပုံမှန်အလုပ်ချိန် တစ်နာရီစာ လုပ်အားခရဲ့ ၁.၅ ဆနှုန်းနဲ့ တွက်ချက်ပြီး ပေးရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးကို အလုပ်ရှင်က တစ်ရက်လျှင် ၉နာရီကြာ အလုပ်လုပ်ခိုင်းမယ်ဆိုရင် ၈နာရီစာ လုပ်အားခ ၃၄၅ ဘတ်အပြင် အချိန်ပိုကြေး တစ်နာရီလျှင် ၆၄.၆၉ ဘတ်နှုန်းနဲ့ စုစုပေါင်း ၄၀၉.၆၉ ဘတ် ပေးရမှာ ဖြစ်ပါတယ်။ တစ်ရက်လျှင် ၁၀ နာရီကြာ အလုပ်လုပ်ခိုင်းမယ်ဆိုရင်တော့ တစ်ရက်တာလုပ်အားခ စုစုပေါင်း ၄၇၄.၃၈ ဘတ် ပေးရမှာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးကို အလုပ်ရှင်က တစ်ရက်လျှင် ၁၀ နာရီကြာ အလုပ်လုပ်ခိုင်းမယ်ဆိုရင် ၈နာရီစာ လုပ်အားခ ၃၆၃ ဘတ်အပြင် အချိန်ပိုကြေး တစ်နာရီလျှင် ၆၈.၀၆ ဘတ်နှုန်းနဲ့ စုစုပေါင်း ၄၉၉.၁၂ ဘတ် ပေးရမှာ ဖြစ်ပါတယ်။
သင်ရော တစ်နေ့ကို ဘယ်နှနာရီ အလုပ်လုပ်ရပါသလဲ။ ကိုယ်ရသင့်ရထိုက်တဲ့ လုပ်အားခ အပြည့်အဝ ရပါသလား။
ကိုယ်အလုပ်လုပ်နေတဲ့ ခရိုင်အလိုက် ရသင့်တဲ့လုပ်အားခကို သိချင်ရင် အောက်ကပုံထဲမှာ ကြည့်လို့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကစပြီး ထိုင်းနိုင်ငံလုပ်အားခကော်မတီက တိုးမြှင့်သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်အားခတွေကို ပုံထဲမှာ အသေးစိတ် ရေးသားထားပါတယ်။
နောက်တစ်ပတ်မှာတော့ ပိတ်ရက်မှာ အလုပ်လုပ်ရမယ်ဆိုရင် လုပ်အားခ ဘယ်လောက်ရသင့်တယ်ဆိုတာကို ထပ်ပြောပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757