လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရောင်ခြည်ဦး – မေ ၄ ၊ ၂၀၂၃

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မဲဆောက်မြို့အနီး၊ ရွှေ့ပြောင်းတောင်ယာ အလုပ်သမားများနေထိုင်ရာ မယ့်ခိုကင်းသုံးနွဲ့ရွာ၌ အလုပ်သမားများနှင့်အတူ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်တဲ့ အသိပညာ မျှဝေဆွေးနွေးပွဲကို (9-4-2023) ရက် တနင်္ဂနွေနေ့ မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရွှေ့ပြောင်းတောင်ယာအလုပ်သမားများအနေနဲ့ လုပ်ငန်းခွင်တွင် ရေရှည် ကျန်းမာရေးနှင့်အညီ ဘေးအန္တရာယ်ကျရောက်နိုင်သော ဓာတုဆေးဝါးကို စနစ်တကျသုံးစွဲတတ်ရန်၊ မမြင်နိုင်သော ပိုးမွှားများကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်များမှ ကာကွယ်နိုင်ရန်၊ မိမိတို့ကိုယ်တိုင် လုပ်ငန်းခွင်ကြောင့် ထိခိုက်တတ်တဲ့ အန္တရာယ်များကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်ရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲတွင် ဘယ်အခြေအနေ၊ ဘယ်အကြောင်းအရာ၊ ဘယ်လိုပစ္စည်းမျိုးတွေက အန္တရာယ်ဖြစ်စေနိုင်သလဲ။ ဒါတွေကို ဘယ်လို ကာကွယ်နိုင်သလဲ။ ဆိုတဲ့ ခေါင်းစဉ်များနှင့်အတူ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၏ အဓိပ္ပါယ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲ တက်ရောက်လာသူ တောင်ယာအလုပ်သမားအများစုသည် ပဲ၊ ပြောင်း၊ သခွား၊ ကြံစတဲ့ လုပ်ငန်းခွင်များမှာ တစ်နေ့ကို ၁၅၀ ဘတ်နှုန်းနဲ့ နေ့စားလုပ်ကိုင်စားသောက်ကြရတဲ့ မြန်မာ ရွှေ့ပြောင်းတောင်ယာ အလုပ်သမားများ ဖြစ်ကြပါတယ်။

ဓာတုဆေးဝါးသုံးပြီး ဖြစ်တတ်တဲ့ ရောဂါများကို သိသော်လည်း အကာအကွယ်ပစ္စည်းများ သုံးဆောင်ရန် အလုပ်ရှင်ကမပေး၍သော်လည်းကောင်း၊ မိမိကိုယ်တိုင်ဝယ်သုံးရန် ငွေကြေးမတတ်နိုင်၍လည်းကောင်း၊ ဓာတုဆေးဝါးသုံးလာနေကျဖြစ်တဲ့အတွက် လတ်တလော စားဝတ်နေရေး ပြေလည်ရန်သာ တွေးထားပြီး နောင်ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင်မတွေးနိုင်ကြောင်း ဆွေးနွေးပြောဆိုချက်တွေအရ သိရပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎️ – (+66) 0869382757

Viber �� (+66) 086938275

About the author

Ko Zan