ရောင်ခြည်ဦး၊ ၂၄ ရက် နိုဝင်ဘာလ ၂၀၂၀ ထိုင်းစံတော်ချိန် (ညနေ ၃ နာရီ ၃၅ မိနစ် )
ယနေ့ နံနက် အလုပ်ဝင်ချိန်တွင် စက်ရုံဝင်းပြင်ပမှာနေထိုင်၍ အလုပ်ဆင်းကြသော အလုပ်သမား ၁၀၀ ကျော်ကို ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် ကြိုတင်အကြောင်းမကြားပဲ အလုပ်မှ ၁၄ရက်နားနေရန် စက်ရုံဝင်ပေါက်တွင် စာကပ်ထားပြီး အလုပ်ပေးမဆင်းသည့်အတွက် စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားများအကြား အငြင်းပွားမှုဖြစ်ပွားခဲ့သည်။
အလုပ်သမားများ၏ ဆက်သွယ်အကူညီတောင်းခံမှုကြောင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သားများသွားရောက်တွေ့ဆုံမေးမြန်းကာ ဥပဒေရေးရာအကြံဉာဏ်ပေးခြင်း၊ ထိုင်းလူမှုအဖွဲ့အစည်းများဖြစ်သော MAP Foundation၊ Labour Law Clinic တို့နှင့် ချိတ်ဆက်ကာ ဥပဒေရေးရာ အကြံဉာဏ်တောင်းခံခြင်းများပြုလုပ်ခဲ့သည်။ ထိုင်းလူမှုအဖွဲ့အစည်းများမှ သက်ဆိုင်သည့်အစိုးရဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းကြောင့် နေ့လည် ၁၁နာရီခန့်တွင် ဆဝါဒီကန်(အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံး) နှင့် မဲဆောက်မြို့ အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများလာရောက်ခဲ့ပြီးနောက် အလုပ်ရှင်၊ အစိုးရဌာနတာဝန်ရှိသူများနှင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့(အလုပ်သမားများကိုယ်စား) သုံးပွင့်ဆိုင်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဆွေးနွေးညှိနှိုင်းမှုရလဒ်အဖြစ်အလုပ်သမားများကို အလုပ်မှ ၁၄ရက်အနားပေးသည့် ကြေညာချက်အား အလုပ်ရှင်ဖက်မှရုတ်သိမ်းပေးခဲ့ပြီး အလုပ်သမားများအနေဖြင့် မိမိနေထိုင်ရာနေရာများမှ ကိုဗစ်ကာလ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ လုပ်ငန်းခွင်သို့ မနက်ဖြန်( နိုဝင်ဘာ ၂၅)နံနက်မှစ၍ ပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်ဝင်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ SD Fashion သိုးမွှေးစက်ရုံသည် အလုပ်သမား ၈၀၀ကျော် အလုပ်လုပ်ကိုင်နေသော စက်ရုံတရုံဖြစ်ပြီး တနေ့လုပ်အားခ ၃၁၅ ဘတ်ရရှိသော စက်ရုံတရုံလည်းဖြစ်သည်။