မယ့်ခိုကင်းကျေးရွာအနီး ယာယီစစ်ရှောင်စခန်းက စစ်ဘေးရှောင်များထံ အစားအစာနဲ့ သောက်ရေများ သယ်ယူပို့ဆောင်ရေးကူညီ

ရောင်ခြည်ဦး ၂၆ ဒီဇင်ဘာ ၂၀၂၁

ထိုင်းနိုင်ငံဘက်ခြမ်း မယ့်ခိုကင်းကျေးရွာအနီးက ယာယီစစ်ရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင် ၅၀၀၀ ကျော်အတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ရွှေပွင့်လွှာလူမှုအဖွဲ့အစည်း၊ မဲသောင်တိုက် လူမှုအဖွဲ့အစည်းနှင့် အလုပ်သမားတွေစုပေါင်းပြီး ထမင်းဗူး ၃၀၀၀ ကျော်နဲ့ သောက်ရေသန့်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

စစ်ဘေးရှောင်တွေအတွက် ထမင်းဗူးအလှူရှင်တွေကတော့ ချန်ပီယံစက်ရုံ အလုပ်သမားများက ၈၀၀ဗူး၊ ဟုန်ဖိုင်ကျေးရွာရှိ ရွှေပွင့်လွှာအဖွဲ့က ၁၂၀၀ဗူး၊ မယ်ကုအထည်ချုပ်စက်ရုံ မိသားစုက ၁၀၀၀ဗူးအပါအဝင် သောက်ရေသန့်တွေကို စုပေါင်းပြီး သွားရောက်လှူဒါန်းရာတွင်သယ်ယူပို့ဆောင်ရေးအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ထိုင်း- မြန်မာနယ်စပ် မဲဆောက်ဒေသနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် လေးကေ့ကော်မြို့သစ် ပတ်ဝန်းကျင်ဒေသတွေမှာ စကစ တပ်ဖွဲ့ဝင်တွေနဲ့ ကေအဲန်ယူ ကေအဲန်အယ်လ်အေ တပ်ဖွဲ့တွေအကြား ဒီဇင်ဘာလ ၁၅ ရက်နေ့ကစတင် တိုက်ပွဲတွေဖြစ်ပွားခဲ့ရာက စကစ ဘက်က ဒီဇင်ဘာ ၂၄ရက်နေ့ ညပိုင်းကနေ ၂၅၊ ၂၆ ရက်နေ့တွေအထိစစ်ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေအသုံးပြုကာ တရပ်စက် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် စားရေရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ လိုအပ်မှုတွေရှိနေတာမို့ လှူဒါန်းပါဝင်ကြဖို့လည်း တိုက်တွန်းနိုးဆော်အပ်ပါတယ်။

About the author

Ko Zan