တောင်ယာအလုပ်သမ စကားဝိုင်းပြုလုပ်

ရောင်ခြည်ဦး – ၁၄ ဇွန်၊ ၂၀၂၃

=======================

မဲဆောက်မြို့အနီး မယ့်ခိုကင်းကျေးရွာမှာ တောင်ယာအလုပ်သမားအမျိုးသမီး ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များ ၁၅ ဦးနှင့်အတူ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး စကားဝိုင်းကို 13-6-2023 ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

စကားဝိုင်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာအမျိုးသမီးတွေ တောင်ယာလုပ်ငန်းခွင်တွေထဲမှာ အလုပ်လုပ်ကိုင်နေရင်း အိမ်ထောင်သားမွေးပြုကြတဲ့အခါ ကိုယ်ဝန်ဆောင်ကာလနဲ့ ကလေးမွေးဖွားခြင်းဆိုင်ရာ ဖြစ်စဉ်တွေမှာ ရင်ဆိုင်ကြုံတွေ့ကြရတဲ့ အခက်အခဲပြဿနာတွေကို ဘယ်လိုဖြေရှင်းခဲ့ရသလဲဆိုတဲ့ အခြေအနေတွေကို ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးမိခင်တွေ အချင်းချင်းကြားမှာ ဆွေးနွေးဖလှယ်ကြစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအလုပ်သမား အမျိုးသမီးတွေအတွက် သိထားသင့်တဲ့ ထိုင်းဥပဒေပါ ခံစားခွင့်တွေကိုလည်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မျှဝေဆွေးနွေးပေးခဲ့ပါတယ်။

တောင်ယာလုပ်ငန်းခွင်တွေထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားအများစုဟာ သူတို့ကို အလုပ်သမားအဖြစ် ခေါ်ယူငှားရမ်းထားတဲ့ လုပ်ငန်းရှင်အတည်တကျမရှိသလို တရားဝင် အလုပ်လုပ်ကိုင်နေထိုင်ခွင့် လက်မှတ်အထောက်အထားလည်း အများစုက မရှိကြပါဘူး။ ဒီလိုအခြေအနေအောက်မှာ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေး စောင့်ရှောက်မှုခံယူဖို့ အခက်အခဲရှိသလို မွေးဖွားစဉ်မှာလည်း ဆေးရုံဆေးခန်းသွားဖို့ ကိစ္စရပ်တွေမှာလည်း အဆင်မပြေဖြစ်ကြရပါတယ်။ အလုပ်လုပ်ကိုင်ခွင့်ကလည်း ပုံမှန်ရှိမနေတဲ့အတွက် မိသားစု စီးပွားရေးအပါအဝင် အလုပ်သမား အခွင့်အရေးဆိုတာလည်း လက်လှမ်းမမီပဲ ဆုံးရှုံးနေကြရတယ်လို့ အလုပ်သမတွေက ဆွေးနွေးကြပါတယ်။

လုပ်ငန်းရှင် အတည်တကျမရှိတာကြောင့် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ် ခံစားခွင့် ခွင့်ရက်တွေ ဆုံးရှုံးပြီး မီးဖွားချိန် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေကြရပါတယ်။ မီးဖွားတဲ့အခါမှာလည်း ကလေးကို တောင်ယာထဲမှာ အရပ်လက်သည်နဲ့ အများစုက မွေးဖွားခဲ့ကြရတာလို့ သိရပါတယ်။ အရပ်လက်သည်နဲ့မွေးဖွားခဲ့လို့ နောက်ဆက်တွဲ အနေနဲ့ ကလေးမွေးစာရင်းရယူဖို့ အခက်အခဲဖြစ်ကြရပြီး ရင်သွေးငယ်တွေ ကျောင်းနေအရွယ်ရောက်တဲ့အခါမှာလည်း ကျောင်းအပ်နှံရေး အခက်တွေ့နေကြရပါတယ်။

ကိုယ်ဝန်ဆောင်ကာလနဲ့ ကလေးမွေးဖွားမှုဖြစ်စဉ်မှာ ကြုံတွေ့ကြရတဲ့ အခြေအနေတွေကို တောင်ယာအလုပ်သမတွေ အချင်းချင်းကြား အပြန်အလှန် ဆွေးနွေးဖလှယ်ကြပြီး အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ဖြတ်ကျော်ရင်း ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်နိုင်မလဲဆိုတာကို စကားဝိုင်းတက်ရောက်လာတဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေက အပြန်အလှန် ဆွေးနွေးပြီး အတွေ့အကြုံတွေကို ဖလှယ်ခဲ့ကြတာဖြစ်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎️ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Admin