ရောင်ခြည်ဦး၊ ၂ ရက် ဖေဖော်ဝါရီလ ၂၀၂၄
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ့်ကိုကင်းဒေသရှိ တောင်ယာလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံကာ အလုပ်သမားစကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စကားဝိုင်းကို သုံးနွဲ့တောင်ယာတဝိုက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနဲ့ အလုပ်သမ ၄၆ ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်။ စကားဝိုင်းမှာ တရားဝင်လက်မှတ်အထောက်အထားဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်သမားများ ရသင့်ရထိုက်သည့် ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ထိုင်းနိုင်ငံရှိ အလုပ်သမားဥပဒေများ၊ လုပ်ငန်းခွင်အခြေအနေတိုးတက်ကောင်းမွန်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း နည်းနာများ၊ ဒေသတွင်းအခြေအနေနဲ့ လုပ်ငန်းခွင်အခြေအနေအပြောင်းအလဲများ စတဲ့ အကြောင်းအရာတွေကို အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် သားဆက်ခြားနည်းတွေအကြောင်း ရှင်းပြဆွေးနွေးခဲ့ပြီး သန္ဓေတားဆေးဝယ်ရန်အခက်အခဲရှိသည့် အလုပ်သမားများအတွက် သန္ဓေတားဆေးကတ်များ ဝေမျှပေးခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် မယ့်ကိုကင်းသုံးနွဲ့ဒေသမှာ လူဦးရေ ၃ဆခန့် တိုးလာပါတယ်။ လူဦးရေ များလာတာနဲ့အမျှ အလုပ်သမားတစ်ဦးချင်းစီရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းလာပါတယ်။ အလုပ်သမားတစ်ဦးလျှင် တစ်နှစ်လုံးပေါင်းမှ ၁၀ ရက်ခန့်သာ အလုပ်လုပ်ကြရပါတယ်။ အလုပ်လုပ်ရတဲ့ရက်မှာလည်း တစ်ရက်တာ လုပ်အားခ ၁၅၀ ဘတ်မှ ၁၈၀ ဘတ်အထိသာ ရကြပါတယ်။ နိုဝင်ဘာလမှာ ပြောင်းခင်း၊ ကြံခင်းတွေအားလုံး ရိတ်သိမ်းပြီး မိုးကျချိန် မေလလောက်မှ ပြန်စိုက်ပျိုးမှာဖြစ်တဲ့အတွက် ယခုလက်ရှိ သုံးနွဲ့ဒေသက တောင်ယာစိုက်ပျိုးရေး အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေကြရပြီး အခက်အခဲကြုံနေရပါတယ်။
“ဒေသတွင်း အခြေအနေ အပြောင်းအလဲတွေနဲ့ အလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေ၊ အခက်အခဲတွေကို အပြန်အလှန်ဆွေးနွေးအဖြေရှာဖို့၊ အလုပ်သမားတွေ သိသင့်သိထိုက်တဲ့ အလုပ်သမားအခွင့်အရေး၊ ထိုင်းအလုပ်သမားဥပဒေနဲ့ တရားဝင်လက်မှတ်အထောက်အထား အမျိုးအစားတွေအကြောင်း အသိပညာမျှဝေဖို့၊ အလုပ်သမားတွေ သွေးစည်းညီညွတ်ကြစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီစကားဝိုင်းလေးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်”လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ စကားဝိုင်းစီစဉ်သူတဦးက ပြောပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂ ပညာရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သိသင့်သိထိုက်သည့် နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေးသင်တန်း၊ ထိုင်းအလုပ်သမားဥပဒေနဲ့မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757