ဂျွန် ၆ အထိမ်းအမှတ်နှင့် ရောင်ခြည်ဦး ဖွဲ့စည်းတည်ထောင်ခြင်း ၂၄ နှစ်ပြည့်အခမ်းအနား ပြုလုပ်

ရောင်ခြည်ဦး (ဇွန် ၆၊ ၂၀၂၃)

ဂျွန် ၆ အထိမ်းအမှတ် နှင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တည်ထောင်ခြင်း ၂၄ နှစ်ပြည့်အခမ်းအနားကို မယ်တောင်ကျေးရွာရှိ အလုပ်သမားတန်းလျားတစ်ခုမှာ ဂျွန်လ ၄ ရက်နေ့ ညနေပိုင်းမှာ အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင် စုစုပေါင်း ၁၀၀ ကျော်နဲ့ စုပေါင်းပြီး ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ (၄.၆.၂၀၂၃) ရက်နေ့ကို ရွေးချယ်ပြီး ဂျွန် ၆ အထိမ်းအမှတ် နှင့် ရောင်ခြည်ဦး တည်ထောင်ခြင်း၂၄နှစ်ပြည့် အခမ်းအနားကို ကြိုတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံအတွင်း အလုပ်သမားလှုပ်ရှားမှုသမိုင်းကြောင်းတွေကို ရွှေ့ပြောင်းအလုပ်သမားတွေ သိရှိနားလည်စေဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေကို အလုပ်သမားတွေရဲ့ အသက် သွေး ချွေး တွေနဲ့ ပေးဆပ် ရယူခဲ့ကြရတာကို သိရှိစေဖို့၊ မျက်မှောက်ခေတ်မှာလည်း တိုင်းပြည်တစ်ပြည်အတွက် အခြေခံအကျဆုံးလူတန်းစားဖြစ်တဲ့ အလုပ်သမားတွေအပေါ်မှာ ဖိနှိပ်မှုတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်နေတာတွေ ဆက်လက်ရှိနေတာကြောင့် အလုပ်သမားအခွင့်အရေးတွေ ပြည့်ပြည့်ဝဝရရှိဖို့အတွက် မိမိအခွင့်အရေးကို မိမိကိုယ်တိုင် သိရှိနားလည်ပြီး အလုပ်သမားသွေးစည်းညီညွတ်မှုနဲ့ တောင်းဆိုတိုက်ပွဲဝင်မှသာ ရရှိတာကို အလုပ်သမားတွေ မမေ့မလျော့ရအောင် ရည်ရွယ်ပြီး ဒီအခမ်းအနားကို ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ်။

အခမ်းအနားမှာ လုပ်အားခအပါအဝင် လုပ်ငန်းခွင်တွင်း အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံခဲ့ရလို့ လုပ်ငန်းရှင်ကို သူတို့ရဲ့နစ်နာမှုတွေအတွက် ထိုင်းဥပဒေနဲ့အညီ တောင်းဆိုတိုက်ပွဲဝင်ခဲ့လို့ လုပ်အားခအပြည့်အဝပြန်လည်ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ပြောကြားပေးခဲ့သလို လုပ်အားခအပါအဝင် လုပ်ငန်းရှင်ဖက်က အကြောင်းမကြားပဲ အလုပ်ပိတ်သိမ်းလို့ အလုပ်သမားနစ်နာမှုတွေအတွက် လုပ်ငန်းရှင်ကိုထိုင်းဥပဒေနဲ့အညီ တရားစွဲဆို ရင်ဆိုင်နေဆဲ အတွေ့အကြုံတွေနဲ့ လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရလို့ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ အလုပ်သမား တစ်ဦးရဲ့ နစ်နာကြေးနဲ့ လျော်ကြေးငွေရရှိဖို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရဲ့ အကူအညီပေးမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း တက်ရောက်လာတဲ့အလုပ်သမားတွေကို မျှဝေအသိပေးခဲ့ပါတယ်။

အခမ်းအနားမှာ ဂျွန် ၆ အလုပ်သမားလှုပ်ရှားမှုသမိုင်းကြောင်းအပါအဝင် နိုင်ငံတော်နဲ့ အလုပ်သမား အခန်းကဏ္ဍ ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ လုပ်အားခ ပြည့်ပြည့်ဝဝ မရရှိမှု၊ အလုပ်သမားလက်မှတ် ကုန်ကျစရိတ်ကြီးမြင့်မှု၊ ကျန်းမာရေးစောင့်ရှောက်ခံယူမှု အခက်အခဲ၊ လူမှုဖူလုံရေးလုပ်ငန်းစဉ်များအပေါ် နားလည်မှုရှိမနေခြင်း စတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ တောင်းဆိုစရာ အချက်အလက်တွေကို တက်ရောက်လာတဲ့အလုပ်သမားတွေနဲ့အတူ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အလုပ်သမားလှုပ်ရှားမှု ၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းက အလုပ်လုပ်နေရင်း အလုပ်သမားတွေ စားဝတ်နေရေး ကြပ်တည်းနေလို့ ဆန်ရရှိရေးနဲ့ လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်စေရေး၊ အနာဂတ်ဘဝအာမခံချက်ရရှိရေးဆိုတဲ့ မူဘောင်အတွင်းကနေ အလုပ်သမားတွေတောင်းဆိုတာကို မဆလ အစိုးရက သေနတ်နဲ့ပစ်ခတ်ဖြိုခွဲခဲ့လို့ အလုပ်သမားတွေသေဆုံးခဲ့ကြရပြီးမှ အုပ်စိုးသူတွေဘက်က လုပ်ခလစာတိုးပေးဖို့ ဆန်ပေးဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

တိုင်းပြည်တိုင်းဟာ အခြေခံအကျဆုံးဖြစ်တဲ့အလုပ်သမားလူတန်းစားအပေါ် အခြေပြုတည်ရှိနေ တာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လူဦးရေ ၇၀ရာခိုင်နှုန်းဟာ အလုပ်သမားတွေဖြစ်ကြပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းအစုစုနဲ့ တိုင်းပြည်ယန္တယား လည်ပတ်နိုင်ရေးမှာလည်း လုပ်ကိုင်နေသူတွေဖြစ်သလို တဖက်မှာလည်း ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူစားသုံးနေတဲ့သူတွေ ဖြစ်ပါတယ်၊ အဲဒီလူတန်းစားမရှိဘဲ တိုင်းပြည်နဲ့ လုပ်ငန်းခွင်အသီးသီးဟာ လည်ပတ်လို့မရတဲ့အတွက် အဓိကလူတန်းစားလို့ ပြောရတာဖြစ်ပါတယ်။ ဒီနေရာမှာ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာလည်း မိမိရောက်ရှိနေတဲ့တိုင်းပြည်ရဲ့ စီးပွားရေးယန္တယား တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးနေသူတွေဖြစ်သလို မိခင်နိုင်ငံတွင်းကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် အထောက်အကူပေးနေတဲ့ သူရဲကောင်းတွေဖြစ်ကြောင်း နိုင်ငံတော်နှင့် အလုပ်သမားကဏ္ဍမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကိုတက်ရောက်လာတဲ့ အလုပ်သမားတွေထဲက လုပ်အားခ၊ အလုပ်သမားလက်မှတ်၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ကြုံတွေ့ရတဲ့အခက်အခဲနဲ့ အဲ့ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းဆောင်ရွက်သင့်သလဲဆိုတာတွေကို ဦးဆောင်ပါဝင်ဆွေးနွေးသူတွေနဲ့ အလုပ်သမားများသိကောင်းစရာ အမေးအဖြေကဏ္ဍတွေမှာ ပါဝင်ဖြေဆိုခဲ့သူတွေကို ရောင်ခြည်ဦးအဖွဲ့က လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာသူ အလုပ်သမားတွေကို ညနေစာ မုန့်တီ နဲ့ အအေးတို့ကို ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း အလုပ်သမားလှုပ်ရှားမှုတွေထဲက ၁၉၇၄ခုနှစ် ဂျွန် ၆ အလုပ်သမားလှုပ်ရှားမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကို ၁၉၉၉ခုနှစ် ဇွန်လ ၆ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်လို့ ဂျွန် ၆ အထိမ်းအမှတ်နဲ့ ရောင်ခြည်ဦးအဖွဲ့ရဲ့ တည်ထောင်ခြင်း ၂၄နှစ်ပြည့်အခမ်းအနားကို ပြုလုပ်ကျင်းပရတာဖြစ်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎️ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Ko Zan